Home သတင်း ပန်းတနော်မြို့နယ်တွင် လူ ၅ ဦးထက် ပိုမစုရန် စစ်ကောင်စီ ထုတ်ပြန်

ပန်းတနော်မြို့နယ်တွင် လူ ၅ ဦးထက် ပိုမစုရန် စစ်ကောင်စီ ထုတ်ပြန်

1512
Photo: CJ

စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှ စ၍ လူ (၅) ဦးပိုမစုရန် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပန်းတနော်မြို့နယ်အတွင်းရှိ ခရေကန်ကျေးရွာအနီးတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ၆ ဦးကို လက်နက်နှင့်တကွ ဖမ်းဆီးရမိပြီးနောက် ယခုလို လူမစုရ အမိန့် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အဲ့ဒီ ခရေကန်ရွာဘက်မှာ ဟိုတစ်ရက် နှစ်ရက်က PDF တွေကို လက်နက်နဲ့ မိတယ်ဆိုပြီး ရွာကအုပ်ချုပ်ရေးမှူးက ပြောတယ်။ အဲ့ဒါကြောင့် ဒီနေ့ ၅ ယောက်ထက် လူပိုမစုရဘူးဆိုပြီး ပန်းတ နော်မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်တယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

မြို့ပေါ် ရပ်ကွက်များ၊ လမ်းကြားများ၊ လမ်းပေါ်များနှင့် ကျေးရွာများတွင် လူ ၅ ဦးထက်ပို မစုရအ မိန့်အပြင် တစ်ဆက်တည်းတွင် ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ဒေသခံ ဆက်ပြောသည်။

“ညမထွက်ရ အမိန့်ပါ ထုတ်လိုက်တယ်။ သူက ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း မထွက် ရဘူးပေါ့။ အဲ့အချိန် ဆိုရင်တော့ သာမန်လူတွေလည်း မထွက်ကြပါဘူး။ ဒါပေမဲ့ ငါးရှာ ဖားရှာတဲ့ ကာလဖြစ်နေတော့ ငါးရှာဖားရှာ တဲ့သူတွေအနေနဲ့တော့ သတိထားဖို့လိုတာပေါ့။” ဟု ၎င်းဒေသခံက ဖြည့်စွက်ပြောသည်။

PDF တပ်ဖွဲ့ဝင်များကို လက်နက်နှင့်တကွ ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး ကေအိုင်စီ-ကရင်သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဧရာဝတီတိုင်းဒေသကြီးရှိ အခြားသော မြို့နယ်များတွင် အလားတူ ဖမ်းဆီးရမိမှု ဖြစ်စဉ်များရှိခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။