Home သတင်း တောကျောင်းကျေးရွာအုပ်စုတွင် မြစ်ကမ်းပြို၍ ကျေးရွာ(၇)ရွာမှ အိမ်ခြေပေါင်း ၁၀၀ ကျော်ပြောင်းရွှေ့ရ

တောကျောင်းကျေးရွာအုပ်စုတွင် မြစ်ကမ်းပြို၍ ကျေးရွာ(၇)ရွာမှ အိမ်ခြေပေါင်း ၁၀၀ ကျော်ပြောင်းရွှေ့ရ

1082
Photo: CJ

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၇)ရွာတွင် ယခုနှစ် ဇွန်လ မှစပြီး ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုပိုမိုဆိုးရွားလာ၍ အိမ်ခြေပေါင်း ၁၀၀ ကျော်နှင့် ဘာသာ ရေး အဆောင်အဦးများ ဖြိုချရကာ ပြောင်းရွှေ့နေကြရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြောင်းရွှေ့ရသည့် နေအိမ်များမှာ တောကျောင်းကျေးရွာအုပ်စုရှိ ကျောင်းတော်လေး၊ နံဂါတ်၊ နံဂါတ်ရိုး၊ ပေါက် ချောင်း၊ အထက်ဝင်း၊ မရင်းတုန်းနှင့် ကဇင်းတောစသည့် ကျေးရွာများမှ မြစ်ကမ်းနှင့်နီးသည့် နေအိမ်များဖြစ်ကြောင်း ကျောင်းတော်လေးရွာသူ နမ့်ယဉ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက“ အခုက ရေလည်းကြီးနေတုန်းပဲ ကမ်းပြိုလိုက်ပြောင်းလိုက် ရေကြီးပြီးမိုးရေထဲမှာ အိမ်တွေဖြိုရတာပဲ၊ မဖြိုရင် နေလို့မရတော့ဘူး။ အိမ်ပြောင်းရတဲ့လူတွေက အရမ်းအခက်အခဲဖြစ်တယ်။ ရေကလည်းကြီး တော့ ရေပေါ်မှာ တဲတွေထိုးပြီးနေရတာပေါ့။ အိမ်ပြောင်းပြီးဖြိုရတော့ ပိုက်ဆံတစ်ခါကုန်၊ နောက်တစ်နေရာပြန် ဆောက်ရတော့ ထပ်ကုန်တယ်။ အခုက မိုးတွင်းဆိုတော့ အိမ်ကဆောက်လို့မရဘူး၊ တဲထိုးပြီးနေကြရတာပေါ့။ ”ဟု ကေအိုင်စီသို့ ပြောသည်။

မြစ်ကမ်းပါးပြိုနေသည့်အတွက် အိမ်ခြံမြေဆုံးရှုံးရသည့်ဒေသခံများသည် လွတ်ကင်းသည်ဟု ယူဆရသည့် အခြား နေရာသို့ ပြောင်းရွှေ့နေထိုင်ရပြီး လက်ရှိအချိန်ထိ ၎င်းတို့အား လာရောက်ကူညီဆောင်ရွက်ပေးသည့်အဖွဲ့များ မရှိကြောင်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

Photo: CJ

ထို့အပြင် မြစ်ကမ်းဘေးတွင်ရှိပြီး ကမ်းပါးပြိုသည့် အန္တရာယ်ရှိလာသည့်အတွက် ကျောင်းတော်လေးရွာ သိမ်တော် အပါအဝင်ဘုန်းကြီးကျောင်းအဆောက်အဦးများလည်း ဖြိုဖျက်ရသည့်အပြင် ခရစ်ယာန် ဘုရားကျောင်း အဆောက်အဦးလည်း ဖြိုဖျက်နေရကြောင်းလည်း ကျောင်းတော်လေးရွာဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

“ ရွာမှာက ဘုန်းကြီးကျောင်းနဲ့ Church ဘုရားကျောင်းလည်းဖျက်ပြီးပြောင်းရတယ်။ အဆောက် အဦး တွေဖျက် ပြီးပြောင်းရတယ်။ ဒါပေမယ့် ဒီလက ဝါတွင်းဆိုတော့ ဝါဆိုတဲ့ဘုန်းကြီးတွေအတွက် ပြောင်းလို့ အဆင်မ ပြေဘူးဆိုတော့ ကမ်းနဲ့နည်းနည်းဝေးတဲ့နေရာမှာ တဲနဲ့ ကျောင်းကို ဆောက်ပြီးအဲမှာ သံဃာတော်တွေ ဝါဆို နေရတယ်။ အကုန်လုံးအခက်အခဲဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကမ်းပါးပြိုသည့်ကျေးရွာများသည် ယခင်နှစ်များကတည်းကစတင်၍ ကမ်းပါးတဖြည်းဖြည်းစတင်ပြိုခဲ့ကာ အိမ်ခြေအချို့ပြောင်းရွှေ့ရခြင်းရှိခဲ့သော်လည်း ယခုနှစ်တွင် ယခင်နှစ်ထက် ကမ်းပါးပြိုကျမှုများသည့်အတွက် ပြောင်းရွှေ့ရသည့် လူနေအိမ်ပိုမိုများပြားခြင်းဖြစ်ကြောင်း ဒေသခံ၏ ပြောဆိုချက်အရသိရသည်။

Photo: CJ