Home သတင်း လူသားချင်းစာနာရေး အကူအညီအတွက် နိုင်ငံတကာနှင့် ညှိနှိုင်းရာတွင် ပါဝင်ခွင့်ရရေး စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြောင်း PPST ပြော

လူသားချင်းစာနာရေး အကူအညီအတွက် နိုင်ငံတကာနှင့် ညှိနှိုင်းရာတွင် ပါဝင်ခွင့်ရရေး စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြောင်း PPST ပြော

756
Photo: MOI

စက်တင်ဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST က နိုင်ငံတကာ၏ လူသား ချင်းစာနာသည့်အကူအညီများရရှိရေးအတွက် ညှိနှိုင်းလုပ်ဆောင်ရာတွင် ပါဝင်ခွင့်ရရန်နှင့် တိုင်းရင်း သားလက်နက်ကိုင်-EAO ဒေသများတွင် နိုင်ငံတကာအကူအညီများပေးအပ်နိုင်ရေး စသောအချက် များအား စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဩဂုတ်လ(၃၁)ရက်နေ့က ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ဆွေးနွေးပွဲတွင် NCA အဖွဲ့များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ- JMC နှင့် ပူးတွဲလုပ်ဆောင်နေကြသည်ကို စစ်ကောင်စီ ၏ကိုယ်စားလှယ်အဖွဲ့ထံ ရှင်းလင်းတင်ပြခဲ့သလို ပြည်သူနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ ယခုလိုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း PPST ၏ ထုတ်ပြန်ချက်ပါပြောခွင့်ရသူ စောမြရာဇာလင်းက ဆိုသည်။

“JMC နဲ့ အလုပ်လုပ်နေကြတယ်ဆိုတာကိုရှင်းပြပြီး အများကြီး အထောက် အကူပြုထားတဲ့ ဒေသတွေကိုတော့ စာရင်းအင်းနဲ့ရှင်းပြတယ်။ EAO က ပါဝင်ဖို့ဆိုရင် JMC အနေနဲ့ ပူးပေါင်းဆွေးနွေး လို့ရတယ်ဆိုတဲ့ တစ်ဖက်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဖြေကြားမှုကိုတော့ရရှိတယ်။ ဆွေးနွေးပွဲမှာ ပြောတဲ့ အဓိက ကိစ္စတွေကိုတော့ ထုတ်ဖော်ပြောဖို့ခက်တယ်” ဟု ၎င်းက ပြောသည်။

NCA ၏အနှစ်သာရဖြစ်သော ဆွေးနွေးပွဲလမ်းကြောင်းပေါ်မှသွားမှသာ တိုင်းပြည်၏ လူသား အရင်းအမြစ်များအား အကာအကွယ်ပေးနိုင်မည်ဖြစ်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကြိုးပမ်းခြင်းသည် တိုင်းရင်းသားများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး အဓိပ္ပါယ်ကို မေ့ပျောက်ထားခြင်းမဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့်ပုဒ်မများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသလို အပစ်ရပ်အဖွဲ့များဘက်မှလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များပါဝင်ရေး၊ ပြည်တွင်းနိုင်ငံရေးတွင် EAO များ၏ကဏ္ဍမြှင့်တင်ရေး အစရှိသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ရှောင်တွေကို အကူအညီပေးဖို့ဆိုတာ ဘယ်နယ်မြေလဲ၊ စစ်ကောင်စီနဲ့အခု တွေ့နေတဲ့ အဖွဲ့တွေရဲ့နယ်မြေပဲလားဆိုတာတော့ကျနော်သိပ်မရှင်းဘူး။ သိရသလောက် စစ်ကောင်စီနဲ့ သဘောတူညီမှုရှိထားတယ်လို့ ပြောနိုင်တဲ့ AA လက်အောက်က မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေဆီ အကူအညီရောက်ဖို့ကိုတောင် ပိတ်တဲ့အနေအထားမျိုးတွေ့ရတော့ ဒီလိုတွေ့ဆုံဆွေးနွေးနေတာက ဘာမှအကောင်အထည်ဖော်လာနိုင်မယ်လို့ မမြင်ဘူး” ဟု တိုင်းရင်းသားအရေးလေ့ လာသုံးသပ်သူ တစ်ဦးက ပြောသည်။

ထို့အပြင် ယခုလိုတွေ့ဆုံဆွေးနွေးခြင်းသည် စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ်သို့ လက်ခံခြင်း နှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အကျိုးမရှိသော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထောက်ခံ ရာရောက်သလို စစ်ကောင်စီ၏ နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားလိုခြင်းနှင့် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံမှတဆင့် ရွေးကောက်ပွဲကျင်းပလိုခြင်းအကျိုးအား ရေကူလောင်းပေး ရာရောက်ကြောင်း ၎င်းက ဆက်၍သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီနှင့်အပစ်ရပ်အဖွဲ့တို့၏ (၃)ရက်တာတွေ့ဆုံဆွေးနွေးပွဲတွင် ယခင်(၇)ဖွဲ့မှ ယခု (၅)ဖွဲ့ သာပါဝင်လာသော်လည်း ကျန်ရှိ မွန်ပြည်သစ်ပါတီ(NMSP)နှင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ(RCSS) တို့မှာ PPST အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲဖြစ်သလို စစ်ကောင်စီနှင့် သီးသန့် ဆွေးနွေးပွဲလုပ်ဆောင်လို၍ ဖြစ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်ပါပြောခွင့်ရသူ၏ ပြောဆိုမှုအရ သိရသည်။

အလားတူ စစ်ကောင်စီဘက်မှလည်း အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ PPST ထုတ်ပြန် ချက်ပါအကြောင်းအရာများဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသာ ဖော်ပြထားပြီး နှစ်ဖက်သဘော တူညီမှုလက်မှတ်ရေးထိုးခဲ့သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးကြောင်း တွေ့ရသည်။