စက်တင်ဘာ ၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီတပ်အား စစ်လက်နက်ပစ္စည်းနှင့် လေယာဉ်ဆီများ ကူညီထောက် ပံ့နေသည့် စင်္ကာပူအစိုးရကို ပြည်တွင်းပြည်ပရှိ ပြည်သူများစုပေါင်း၍ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့ရန် စီစဉ်နေကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု(Blood Money Campaign) က ယနေ့ထုတ်ပြန်ထားသည်။
စင်္ကာပူအခြေစိုက် လက်နက်ကုမ္ပဏီ (၁၃၈) ခုမှ စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ (၂၅၄) သန်းဖိုးအထိ လက်နက်များ ရောင်းချပေးခဲ့သည့်အပြင် ဘဏ်လုပ်ငန်းငွေကြေးပိုင်းဆိုင်ရာတွင်လည်း အရေးပါသည့်အတွက် ကြောင့် အဆိုပါရောင်းချမှုများကို ရပ်တန့်ရန် ပြည်သူများလက်မှတ်ရေးထိုးပြီး ဒုတိယအကြိမ်အဖြင့် အိတ်ဖွင့် ပေးစာပေးပို့သွားမည်ဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု(Blood Money Campaign က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု(Blood Money Campaign)အဖွဲ့က “အဓိက စင်္ကာပူနိုင်ငံက လက်နက်ကုမ္ပဏီတွေက မြန်မာစစ်အုပ်စုကို လက်နက်တွေ၊ လက်နက်နဲ့ပတ်သက်တဲ့ ကုန်ကြမ်းတွေ အစိတ် အပိုင်းတွေ နည်းပညာတွေနဲ့ လေယာဉ်ဆီရောင်းချနေတာတွေကို စင်ကာပူအစိုးရအနေနဲ့ ပိတ်ဆို့ တားဆီးပေးဖို့ပါ။ ထိရောက်မှုရှိဖို့က လူများများလက်မှတ်ထိုးဖို့ လိုပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထို့အပြင် စစ်ကောင်စီတပ်ကို လက်နက်များရောင်းချနေသည့် ကုမ္ပဏီများကိုလည်း စစ်ဆေးမှုပြုလုပ်ရန်၊ စစ်ကောင်စီတပ်ကို လက်နက်ရောင်းချနေခြင်းကို စင်္ကာပူအစိုးရအနေဖြင့် ပိတ်ဆို့တားဆီးပေးရန်နှင့် စစ် ကောင်စီတပ်က စင်္ကာပူဘဏ္ဍာစနစ်များသုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန် စသည့်အချက်များကို တောင်းဆို သွားမည်ဖြစ်ကြောင်းလည်း Blood Money Campaign က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
စစ်ကောင်စီတပ်ကို စစ်ဘက်အရပ်ဘက်မှ ကူညီထောက်ပံ့ပေးနေသည့် စင်္ကာပူအစိုးရ၏ လုပ်ရပ်များကို ရပ်တန့် ပေးရန် ပြည်တွင်းပြည်ပမှ ပြည်သူများက စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လက်မှတ် ရေးထိုး ကမ်ပိန်း (petition Campaign) ထားရှိမှုများကို စုပေါင်းပြီး စင်္ကာပူအစိုးရထံသို့ စက်တင်ဘာလ နောက် ဆုံး အပတ်တွင် ပေးပို့သွားမည်ဖြစ်ကြောင်းလည်း Blood Money Campaign ၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့်ဆက်စပ်သည့် စီးပွားရေး လုပ်ငန်း များအပေါ် စင်္ကာပူနိုင်ငံ၏ တုံ့ပြန်မှုနှင့်ဆက်စပ်သော အိတ်ဖွင့်ပေးစာကိုလည်း စင်ကာပူအစိုးရထံ ပေးပို့ခဲ့ပြီးဖြစ်သည်။



















