စက်တင်ဘာ ၂၇ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ များမှ တပ်စွဲနေထိုင်သည့်အတွက် ကျောင်းသား/သူ ၁ဝဝဝ ကျော် ပညာသင်ကြားမှု ယာယီရပ်ဆိုင်း ထားရသည်ဟု သိရသည်။
ဝင်းရေးမြို့နယ်ရှိ ခလယ်၊ ဘုရားငါးဆူ၊ နောင်းဒေ့၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဇီးဖြူကုန်း၊ ပုလိန်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း၊ တံခွန်တိုင်ရွာလေးနှင့် မွတ်စလင် (ကုလားပိုင်း)ရပ်ရှိ စာသင်ကျောင်းစုစု ပေါင်း ၂ဝ နီးပါးသည် နယ်မြေအတွင်း စစ်ရေးပဋိပက္ခနှင့် စာသင်ကျောင်းဝင်းအတွင်း စစ်တပ်များ ဝင်ရောက်တပ်စွဲနေထိုင်သည့်အတွက် ကျောင်းများပိတ်ထားခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ် နိုင်ခြင်းမရှိသေးကြောင်း ပညာရေးတာဝန်ရှိသူများက ပြောသည်။
ဝင်းရော်ဒေသရှိ ပညာရေးတာဝန်ရှိသူတစ်ဦးက“ရွာမှာတိုက်ပွဲဖြစ်တော့ ကျောင်းတွေ ပိတ်ထားရတယ်။ ခုထိပြန်မဖွင့်နိုင်သေးဘူး။ ကလေးတွေလည်း စစ်ဘေးရှောင်နေကြရတော့ ပညာရေးအတော် နောက် ကျနေပြီးပေါ့နော်။ ကျောင်းမှာလည်း စစ်တပ်ကနေတယ်ဆိုတော့ ကျောင်းပြန်ဖွင့်နိုင်ဖို့ အတော် ခက်ခဲ တယ်ပေါ့နော်။ ကလေးတွေရဲ့ပညာရေးအတွက် ကြည့်ပေးစေချင်တယ်”ဟု ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပိတ်ထားရသည့် စာသင်ကျောင်း ၂ဝ ကျော်တွင် ကျေးရွာကိုယ်ထူကိုယ်ထကျောင်း၊ တိုင်းရင်း သားစာသင်ကျောင်းနှင့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ပညာသင်ကြားနေကြသည့် စာသင် ကျောင်းများဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့က ပိတ်ထားခဲ့ရာမှ ယနေ့အချိန်ထိပင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု ဒေသခံများထံမှ သိရသည်။

“ဘုရားငါးဆူစာသင်ကျောင်းမှာ ၁၂ဝ မမ လက်နက်ကြီးတွေချထားပြီး ပစ်နေကြတော့ မှန်တွေအကုန် ကွဲသွားတယ်။ ခလယ်ရွာအထက်တန်းစာသင်ကျောင်းမှာလည်း နေတယ်။ ကလေးတွေပညာရေး အ တွက် ပြန်ပြီးကြည့်ပေးစေချင်တယ်ပေါ့နော်။ စာကောင်းကောင်းမသင်လာခဲ့ရတာ ၂ နှစ်ကျော်နေပြီး” ဟု ကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
KNU ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများမှ နှစ်စဉ်အောင်ချက် ရာခိုင်နှုန်းတိုးလာနေသည့်အပြင် နိုင်ငံတော်အတွက်ဘက်စုံကဏ္ဍများတွင် လူ့စွမ်းအားအရင်းအမြစ် များစွာ ယနေ့အချိန်ထိနှစ်စဉ်မွေးထုတ်ပေးနေပြီး ပညာရေးအားကောင်းသည့် ဒေသတစ်ခု လည်းဖြစ်သည်ဟု ပညာရေးဝန်ထမ်းဟောင်းများက ပြောသည်။



















