Home သတင်း ပြည်နယ် လုံ/နယ်ဝန်ကြီး ပြောင်းလဲပြီးနောက်ပိုင်း မြို့ခံလူငယ်များအပေါ် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာနေ

ပြည်နယ် လုံ/နယ်ဝန်ကြီး ပြောင်းလဲပြီးနောက်ပိုင်း မြို့ခံလူငယ်များအပေါ် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာနေ

1078
Photo: Crd.

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအသစ် ပြောင်းလဲပြီးနောက်ပိုင်း မြို့ခံစစ်တပ် ထောက်ခံသူများက မဟုတ်မမှန်သတင်းပေး တိုင်တန်းမှုများကြောင့် ဖားအံမြို့နေ လူငယ်လူရွယ်အချို့ ဖမ်းဆီးစစ်မေးခံရမှုပိုများလာနေကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်က ယခင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ် မှူးကြီး မင်းသူကျော်အား ပြောင်းလဲတာဝန်ပေးအပ်ပြီးနောက်ပိုင်း စစ်တပ်ထောက်ခံသူအချို့က မြို့ခံလူ ငယ်လူရွယ်များအပေါ် စစ်တပ်ဆန့်ကျင်ရေးလုပ်ဆောင်နေကြသူများနှင့် ပတ်သက်သ‌ယောင် မမှန် သတင်းပေးမှုများကြောင့် မြို့ခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းစစ်မေးမြန်းခံခဲ့ရကြောင်း ဖားအံမြို့ ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “လုံ/နယ်ဝန်ကြီး အသစ်ပြောင်းလာတော့ သူတို့နဲ့ မျက်နှာရချင်တယ်။ ခင်မင်မှုရချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ကအရင်စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတာမှာ ပါဝင်ဘူးတဲ့သူတွေကို ပြန်ဖမ်း၊ ပြန်စစ်အောင် မမှန်သတင်းတွေ ဖွတယ်။ တိုင်တယ်။ အဲ့တော့ လုံ/နယ်ဝန်ကြီးက ရဲကို ဖမ်းစစ်ခိုင်းတယ်။ အိမ်တွေ၊ ဆိုင်တွေဝင်ရှာတယ်။ ဝင်စစ်တယ်ဆိုတော့ သူတို့က မြို့ကို လုံခြုံရေးအရ ဝင်ကူပေးနေတယ်ဆိုတာမျိုး စစ်တပ်ဘက်က မြင်လာအောင် လုပ်တာမှာသာမန်ရပ်ကွက်ထဲက လူငယ် လူရွယ်တွေ အခုလထဲမှာ ၁၀ ယောက်လောက်ဖမ်းစစ်ခံခဲ့ရတယ်။ တချို့လည်း ဆက်ပြီးဖမ်းတာ၊ စစ်တာမျိုးခံရမှာ စိုးရိမ်ပြီး ရှောင်နေကြတယ် ”ဟု ပြောသည်။

၎င်းအပြင် ဖားအံမြို့က စစ်တပ်ထောက်ခံသူ၊ ပျူစောထီး၊ ပြည်သူ့စစ်သတင်းပေး အဖွဲ့များက ရဲ တပ်ဖွဲ့နယ်ထိန်းများနှင့် ပူးပေါင်းပြီး မြို့တွင်းနေရာစုံတွင် လှည့်ပတ်သွားလာစောင့်ကြည့်နေပြီး ဒေသခံများအား ဖမ်းဆီးစစ်မေးကာ ငွေညှစ်ပြန်လွတ်မှုများလုပ်ဆောင်သည့်အတွက် ရပ်ကွက်အပိုင် ရဲနယ်ထိန်းများအား နေရာရွှေ့ပြောင်းမှု၊ အရေးယူခံရမှုများလည်းရှိကြောင်း သိရှိရသည်။

ထိုသို့ ဖားအံမြို့တွင်း လုံခြုံရေးတိုးမြှင့်စစ်ဆေးခြင်း၊ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်ခြင်းကြောင့် တက္က သိုလ်နှင့် အထက်တန်းကျောင်း လာတက်ကြသည့် ကျေးရွာများဘက် ဒေသခံကျောင်းသားလူငယ်များ လျော့နည်းလာသည်ဟု မြို့ခံကျောင်းသားအဆောင်ငှားရမ်းသူများက ပြောသည်။

“အရင်ကဆို ရွာကျောင်းသား၊ တစ်ခြားနယ်က ကျောင်းသားတွေ အဆောင်လာငှားနေကြတာ အများ ကြီး။ အိမ်တွေအခန်းတွေတောင် ထပ်ချဲ့ရတာရှိတယ်။ အခု ဒီဘက်နှစ်တွေမှာ သိပ်ပြီးအဆောင် လာ မငှားနေကြတာ များတယ်။ မိသားစုလိုက် မြို့ပေါ်တက်လာပြီး အိမ်ငှားနေကြတာ၊ အမျိုးအိမ်တွေမှာ လာနေပြီး ကျောင်းတက်တာတွေများလာတော့ အဆောင်ခန်းတွေ အငှားအလုပ် သိပ်မဖြစ်တော့ဘူး။” ဟု အောင်နန်းရပ်ကွက်နေ ‌အဆောင်ငှားသူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ် စစ်ကောင်စီက လုံ/နယ် ဝန်ကြီးအသစ်ပြောင်းလဲခန့်အပ်ပြီးနောက် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားနေသည့် ဒေသများဘက်၊ စစ်အင်အားတိုးပြီး စစ်ကြောင်းများနယ်မြေရှင်းလင်းရေး ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ စစ်ရေးနယ်‌မြေစစ်ဆင်ရေးတာဝန်ရှိသူများနှင့် လုံ/နယ်ဝန်ကြီးအသစ် ဗိုလ်မှူးကြီး မင်းကျော်သူက ပူးပေါင်းစစ်ရေး ဖော်ဆောင်မှုများလုပ်ဆောင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

ယခုလို စစ်ရေးအရှိန်မြှင့်တိုက် ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်ထဲတွင် ကျုံဒိုး၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီး၊ ဝေါလေ၊ ဥကရိထနှင့် သံတောင်မြို့ဘက် လိပ်သို၊ ယာဒိုဒေသတို့တွင် နှစ်ဘက်တိုက်ပွဲများ နေ့စဉ်နီးပါးဆက်လက် ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းတပ် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။