စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်အရှေ့တောင်ပိုင်း ကော်သူးလေဒေသတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်အုပ်စု၏ စစ်ရေးနှင့် အုပ်ချုပ်မှုနှစ်ရပ် လုံးကို ထိန်းချုပ်နိုင်စွမ်းသိသာစွာလျော့နည်းလာပြီး စစ်အုပ်စု၏ မဖြစ်မနေစွန့်လွှတ် (သို့မဟုတ်) သိမ်း ပိုက်ခံခဲ့ရသည့် စစ်စခန်း (၆၂)ခုရှိသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် -KPSN က ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောဆိုလိုက်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ ကေအဲန်ယူ ထိန်းချုပ်နယ် မြေ များတွင် စစ်အုပ်စု၏ စစ်ရေးအုပ်ချုပ်မှုနည်းလာခြင်းနှင့် ကော်သူးလေနယ်မြေအတွင်း ပညာရေးအခြေ အနေကို မီးမောင်းထိုးပြသည့် “အာဏာဟန်ချက် အပြောင်းအလဲ-မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း”အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ရေးသားပြော ဆိုထားခြင်းဖြစ်သည်။
KPSN ဒါရိုက်တာ နော်ဝါးခူရှီးက “ကျမတို့နယ်မြေမှာ စစ်အုပ်ချုပ်မှုနယ်မြေကျဉ်းလာတယ်။ စစ်အုပ်စု ဘက်က စစ်အင်အားအရင်လိုမရှိတော့ဘူး။ ဒီအစီရင်ခံစာမှာက စစ်စခန်းဆုံးရှုံးမှုတွေပြီးတော့ ဒီဘက်က ပညာရေးနယ်မြေများလာကို ပြချင်တာဖြစ်တယ်။ သူတို့ကစခန်းတစ်လုံးပြီးတစ်လုံးကျတော့ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပိုတိုက်ခိုက်တယ်။ ပြန်ကြည့်ရမယ်ဆိုရင် ပြည်သူလူထိုတွေ ထိခိုက် သေဆုံး များတာက လက်နက်ကြီးနဲ့ လေယာဉ်ကြောင့်ဖြစ်တယ်။ အဲဒီလို တိုက်ခိုက်တာကလည်း သူတို့က လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိတွင် ကော်သူးလေဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA မဟာမိတ်များ၏ စစ်ဆင်ရေးထိုးစစ်မှုရလဒ်များအဖြစ် စစ်ကောင်စီဘက်မှ စခန်း (၆၂) ခု ဆုံးရှုံးလိုက်ရသည့်အပြင် စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်း (၃၇၀) ကျောင်း လည်းဆုံးရှုံးလိုက်ရကာ လက်ရှိ အဆိုပါ စာသင်ကျောင်းများသည် ကေအဲန်ယူ ပညာရေးဌာန၏ စီမံအုပ်ချုပ်မှုအောက်တွင် ပြန်လည်ရပ်တည်ဖွင့်လှစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကော်သူးလေနယ်မြေအတွင်းရှိ ရောနှောအုပ်ချုပ်ဒေသတွင် စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း ၃၈၂ ကျောင်းရှိရာမှ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်တွင် စာသင်ကျောင်းပေါင်း ၉၀၉ ကျောင်းအထိ တိုးလာသည့်အတွက် ကေအဲန်ယူ နယ်မြေကျယ်ပြန့်လာမှုကို တိုက်ရိုက်ထင်ဟပ်စေသည်ဟု KPSN က မီးမောင်းထိုးပြထားသည်။
ထို့အပြင် KNLA တပ်ပေါင်းစုများ၏ ထိန်းချုပ်နယ်မြေများ တိုးချဲ့လာကာ ယခုအချိန်တွင် စစ်အုပ်စု၏ ရန်ကုန်-နေပြည်တော်ကြားရှိ သယ်ယူပို့ဆောင်ရေးဗဟိုသွေးလွှတ်ကြောနှင့် ရန်ကုန်မှ ထိုင်း-မြန်မာ နယ်စပ် မြဝတီအာရှလမ်းမကုန်သွယ်ရေးစင်္ကြံအထိ တိုက်ရိုက်ခြိမ်းခြောက်လာသည်ဟုလည်း KPSN အစီရင်ခံစာတွင် ဆိုထားသည်။
ထို့ကြောင့် စစ်ကောင်စီဘက်မှ ၎င်းတို့၏ ဆုံးရှုံးသောနယ်မြေများကို ပြန်လည်ရရှိရန် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများလာကာ နယ်မြေများပြန်မရနိုင်ခဲ့သော်လည်း အဆိုပါ တိုက်ခိုက် မှုများ ကြောင့် ကော်သူးလေဒေသတွင် စစ်ရှောင်အရေအတွက် (၆၃၇,၄၁၄)ဦး တိုးလာရပြီး ယခုနှစ် ဖေ ဖော်ဝါရီလမှစတင်လျှင် စစ်ရှောင်ဦးရေ ၁၈ ရာခိုင်နှုန်းတိုးလာကြောင်းလည်း KPSNက ပြောဆိုသည်။
ဆက်လက်၍ စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒူးသထူ(သထုံ) တော အူး(တောင်ငူ)၊ တနင်္သာရီ၊ မူတြော်(ဖာပွန်)နှင့် ဒူးပလာခရိုင်ရှိ စုစုပေါင်းစာသင်ကျောင်း (၁၉)ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁၅)ကျောင်း၊ ဘုန်းကြီးကျောင်း(၁၀)နှင့် ဆေးခန်း (၆) ခု ထိခိုက် ပျက်စီးခဲ့ရသည်ဟု KPSN ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံလူထုများ နေရပ်စွန့်ခွာနေရသူများလာသည့်အပြင် လက်နက်ကြီးကြောင့် လုပ်ကိုင်စားသောက်၍ မရသည့်အတွက် စစ်ရှောင်များမှာ ထောက်ပံ့ကူ ညီမှုများအရေးပေါ်လိုအပ်နေကြောင်းလည်း KPSN၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
“ UN တွေက ကျမတို့ နယ်မြေထဲမှာထောက်ပံ့မှုအကူအညီမရောက်ဘူး။ သူတို့တွေက စစ်အုပ်စုရဲ့ ခွင့်ပြုချက်မရရင် ဝင်မရဘူးဆိုတော့ သူတို့စစ်ရှောင်အရေအတွက် သူတို့ရတာနည်းတယ်။ ကျမတို့ ကတော့ သက်ဆိုင်ရာခရိုင်တိုင်းမှာ စာရင်းရတယ်။ ပြီးတော့ CIDKP (ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင် ပြည်သူများဆိုင်ရာကော်မတီ)မှာလည်း စာရင်းရှိတယ်။ ကျမတို့နယ်စပ်ကူညီတဲ့အရပ်ဖက်အဖွဲ့ နေရာ တိုင်းရောက်တယ်။ ဒါပေမယ့်ထောက်ပံ့အကူအညီငွေမရဘူး။ အဲဒါကြောင့် UN ဘက်က ဒီနယ် စပ်ဖြတ်ကျော်အကူညီပေးဖို့က ပြန်စဉ်းစားသင့်တယ်” ဟု KPSN ဒါရိုက်တာ နော်ဝါးခူရှီးက ပြောသည်။
တိုးများလာသည့်စစ်ရှောင်အရေအတွက်နှင့် လူတစ်ဦး၏ ၆ လစာလိုအပ်ချက် အခြေခံ တွက်ချက်မှုအရ စားနပ်ရိက္ခာလိုအပ်ချက်ဖြေရှင်းရန် လာမည့် ၁၂ လအတွက် လိုအပ်ချက်အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၂ သန်းခန့်လိုအပ်ကာ ထိုလိုအပ်ချက်ထဲတွင် အဆောက်အအုံ၊ ဆေးဝါး၊ ကျောင်းထောက်ပံ့မှုနှင့် က လေးနှင့်အမျိုးသမီးများအတွက် သီးခြားအကူအညီအရေးပေါ်လိုအပ်လျက်ရှိသောကြောင့် စစ်ရှောင် များကို အပြည့်အဝကူညီပေးသည့် ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (KERT) ကဲ့သို ဒေသခံအဖွဲ့ အစည်းများနှင့် ဖွဲ့စည်းထားသည့် အကူအညီပေးရေးအဖွဲ့မှတစ်ဆင့် ကူညီပေးခြင်းဖြစ်ကြောင်း အစီရင် ခံစာတွင် ဖော်ပြထားသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN သည် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် ၁၀ စုနှစ်ပေါင်းများစွာ လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များ ကူညီပံ့ပိုးပေးသည့် ကရင်လူထုအခြေပြုအဖွဲ့အစည်း ၂၀ ကျော်ဖြင့် ဖွဲ့စည်း ထားသည့် ကွန်ရက်အဖွဲ့တစ်ခုဖြစ်သည်။



















