Home သတင်း လူငယ်အစုအဖွဲ့များချိတ်ဆက်မှုအားကောင်းရန် KYO ဦးဆောင်၍ တိုင်းရင်းသားမဟာမိတ်များ ပါဝင်သည့် လူငယ်တွေ့ဆုံမှုပြုလုပ်

လူငယ်အစုအဖွဲ့များချိတ်ဆက်မှုအားကောင်းရန် KYO ဦးဆောင်၍ တိုင်းရင်းသားမဟာမိတ်များ ပါဝင်သည့် လူငယ်တွေ့ဆုံမှုပြုလုပ်

786

စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အစုအဖွဲ့အသီးသီးမှ လူငယ်များချိတ်ဆက်လုပ်ဆောင်မှု အားကောင်းစေရန် ရည်ရွယ်ပြီး ကရင်လူငယ် အစည်းအရုံး (KYO)ဗဟိုက ဦးဆောင်ကာ တိုင်းရင်းသားမဟာမိတ်လူငယ်များပါဝင်သည့် လူငယ်တွေ့ ဆုံမှုတစ်ခုကို KNU ထိန်းချုပ်နယ်မြေတစ်နေရာတွင် ယမန်နေ့ စက်တင်ဘာလ ၄ ရက်မှ ယနေ့ ၅ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အာဏာသိမ်းဖြစ်စဉ်ပြီးနောက် KNU ထံ လာရောက်ခိုလှုံနေကြသော နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေကြသည့် လူငယ်အစုအဖွဲ့ အသီးသီးအကြား တော်လှန်ရေးကာလအတွင်း ချိတ်ဆက်လုပ် ဆောင်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ယခုလို တွေ့ဆုံမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း KYO တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်က ယခုလို ပြောသည်။

“စစ်အာဏာသိမ်းနောက်ပိုင်း နွေဦးတော်လှန်ရေးဆိုတဲ့လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ဒေသအသီးသီးမှ လူငယ်အစုစုတွေ လာရောက်စုနေကြတယ်။ လာစုဖွဲ့နေကြတဲ့လူငယ်တစ်ခုနဲ့တစ်ခုအကြား ချိတ်ဆက်မှု အားကောင်းအောင် နဲ့ KNUအောက်မှာ လာရောက်ခိုလှုံတဲ့အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရင်းနှီးမှုနဲ့အတူ တော်လှန်ရေးကာလမှာ ချိတ်ဆက်မှုအားကောင်းအောင်လုပ်ရခြင်းဖြစ်တယ်” ဟု စောအယ်ထီးကော်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံမှု ပထမနေ့ အခမ်းအနားဖွင့်ပွဲကို ကေအဲန်ယူခေါင်းဆောင်များဖြစ်သည့် ဝါရင့်တော်လှန် ရေးခေါင်းဆောင် ပဒိုစောသမိန်ထွန်း၊ ကေအဲန်ယူ-တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း ၊ KYO (ဗဟို) ဥက္ကဋ္ဌစောလယ်နယ်နှင့် သက်ဆိုင်ရာခေါင်းဆောင်များအပြင် နယ်ပယ်အသီးသီးမှ သျှမ်း(ရှမ်း)၊ ကရင်နီ (ကယား)၊ ရခိုင်နှင့် ဗမာတိုင်းရင်းသားလူငယ် စုစုပေါင်း ၈၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

နှစ်ရက်တာတွေ့ဆုံမှုတွင် တက်ရောက်လာသည့် ကေအဲန်ယူ ဗဟိုခေါင်းဆောင်များမှ အားပေးစကား ပြောကြားခြင်းနှင့် လက်ရှိနိုင်ငံရေးအခြေနေ၊ လှုပ်ရှားဆောင်ရွက်မှုများ ရှင်းလင်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သလို လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် လူငယ်အဖွဲ့ လှုပ်ရှားဆောင်ရွက်မှုများကို အပြန် အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။

“ကေအဲန်ယူနယ်ဘက်ကို စစ်အာဏာသိမ်းပြီးနောက်ရောက်လာတဲ့အစုအဖွဲ့တွေအများကြီးရှိတယ်။ မတူကွဲ ပြားတဲ့လုပ်ဆောင်ချက်တွေ အတွေးအခေါ်တွေအများကြီးရှိတယ်။ ကျနော်တို့ အတွေး အခေါ်မတူတာ ပန်းတိုင်ကအတူတူပဲ။ ပန်းတိုင်တော့တူတယ်၊ အယူအစအတွေးအခေါ်မတူတော့ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကစဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အချင်းချင်း ပြဿနာမဖြစ်ပဲသွားနိုင်အောင် အထောက်ကူဖြစ်တဲ့ပွဲတစ်ပွဲလို့ယူဆတယ်” ဟု KYO ဗဟိုအလုပ်အမှု ဆောင်ကော်မတီ စည်းရုံရေး နှင့်ပြန်ကြားရေးတာဝန်ခံ စောခန့်ဇော်ဝင်းက ပြောသည်၊

တွေ့ဆုံမှုအတွင်း တက်ရောက်လာသည့် မဟာမိတ်တိုင်းရင်းသား လူငယ်များကလည်း ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အသီးသီးဆွေးနွေးတင်ပြကာ စုပေါင်းလုပ်ဆောင်နိုင်မည့် အရာများကို လည်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အလားတူ တွေ့ဆုံမှုမျိုးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ကရင်တော်လှန်ရေးနေ့ နှစ် (၇၀) ပြည့် အခမ်းအနားတွင်လည်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သေးသည်။