Home သတင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ

593
Photo: Crd.

စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် ယခုလဆန်းပိုင်းအတွင်း စစ်ကောင်စီ၏လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ရက်ဆက် ဆိုသလို ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့က နယ်မြေခံတော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီ၏ သစ်ချ ဆိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား စက်တင်ဘာလ ၃ ရက်နေ့အထိ လေးရက်ဆက်တိုက် လေ ကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း တိုးလာကြောင်း ဒေသခံ များက ပြောသည်။

ယနေ့နံနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ် အထက်ဘက်ပိုင်းရှိ ဒညင်းကုန်းရွာနှင့် ဘုရား လေးကုန်းသို့ စစ်ကောင်စီမှလေကြောင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်မှုအချို့ရှိခဲ့သည်ဟု ကျောက်ကြီးမြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“နေ့တိုင်းပဲ လေယာဥ်လာတယ်။ ကြဲတယ်။ ဒီနေ့မနက်ကလည်း ဒညင်းကုန်းရွာနားနဲ့ တပ်စခန်းတစ်ခုကို သွားကြဲတယ်။ ဒညင်းကုန်းရွာမှာက ကလေးတွေ စာသင်နေတဲ့ နေရာနားလောက်ကို ကျတာတည့်တည့်တော့မကျတာ တော်သေးလို့ ကလေးတွေ ဘာမှဖြစ်မသွားဘူး။ အိမ်တစ်လုံးတော့ ထိတယ်။ ဘုရားကုန်းမှာလည်းထိတာနှစ်ယောက်ရှိတယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ထိခိုက်စေရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

၎င်းက “တပ်စခန်းနဲ့နီးနီးမနီးနီး တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ သူတို့(စစ်ကောင်စီ)က ထင်တဲ့နေရာကို ဗုံးချတာပဲ။ ကျောက်ကြီးတစ်မြို့နယ်လုံးက ကေအဲန်ယူ ထိန်းချုပ်တဲ့နယ်မြေလို ဖြစ်နေပြီးဆိုတော့ ဘယ်နားထုထု ပြေးလို့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့။ ဒါပေမဲ့ ရွာတိုင်းမှာ တော်လှန်ရေးအဖွဲ့မှမရှိဘဲ။ ဘယ် သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ပုံစံနဲ့လုပ်နေတာ ဟိုသစ်ချဆိပ်တိုက်ပွဲပြီးကတည်းက နေ့တိုင်း လိုပဲ လေယာဥ်ဝဲတယ်၊ ကြဲချတယ်” ဟု ပြောသည်။

Photo: Crd.

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် နယ်မြေစိုးမိုးနိုင်မှုအားနည်းလာသည့် စစ်ကောင်စီသည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများသာ စွမ်းဆောင်နိုင်သဖြင့် ယခုလို လုပ်ဆောင် နေခြင်းဖြစ်သလို ၎င်းလုပ်ရပ်များသည်လည်း နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား ချိုးဖောက်နေခြင်းပင်ဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီက တိုက်လို့ရတာဆိုလို့ လေကြောင်းနဲ့ လက်နက်ကြီးပစ်တာ ပဲရှိတယ်။ ပြီးတော့ ကြည့်လိုက်ရင်လည်း သူတို့ပစ်မှတ်က ဒေသခံတွေချည်းပဲဆိုတော့ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတာ။ ဆိုတော့ ပြည်သူရဲ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဥ်ဆီရောင်းချမှု ရပ်တန့်ပေးစေလိုတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်မှုများလည်း ဆက်ရှိနေပြီး ယမန်နေ့ စက်တင် ဘာလ(၄) ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်ခဲ့သော လက်နက် ကြီးများမှာ သူဌေးကုန်းရွာ အရှေ့ပိုင်းရှိ ကျေးရွာတစ်ရွာသို့ ကျရောက်သဖြင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်အာဏာသိမ်းယူချိန်မှစ၍ ယခုလက်ရှိအချိန်ထိ ညောင်လေးပင်ခရိုင်အတွင်းရှိ မြေပြင်တိုက်ပွဲများ အပြင် စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်ရာနေရာများသို့ လက်နက်ကြီးနှင့်လေ ကြောင်းပစ် ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရသူ ၂ သိန်းကျော်ရှိလာနေပြီး ၎င်းတို့စား ဝတ်နေရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟုလည်း ကရင်စစ်ဘေး ရှောင်ကူညီသည့်အဖွဲ့များက ပြောဆိုသည်။