စက်တင်ဘာ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုကျေးရွာတွင် ကျေးရွာရန်ပုံငွေအတွက်ဟုဆိုကာ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းကို ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် နယ်မြေခံကရင်လက်နက်ကိုင်များမှ သွားရောက်ရှင်းလင်းလိုက်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဆောက်လုပ်ထားသော လောင်းကစားရုံများကို ဩဂုတ်လ(၃၀)ရက်နေ့က ကရင့် လက်နက်ကိုင်စည်းလုံးညီညွတ်ရေးလုပ်ငန်းကောင်မတီတွင် ပါဝင်သော ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “BGFတွေလာဖျက်တာတော့ တွေ့တယ်။ လောင်းကစားဝိုင်းလုပ်လို့ မရဘူးလို့ အရာရှိလိုပုံစံမျိုး တစ်ယောက်က ပြောတယ်။ နောက်တစ်ခါ လုပ်ရင်ဖမ်းခံရမယ်လို့ ပြောတယ်။ အခုလိုဖျက် လိုက်တာ တော့ ကောင်းတာပေါ့။ လောင်းကစားရုံဖွင့်ထားတော့ ညရောနေ့ရော အသွားအလာများတော့ လူဆိုးလား၊ လူကောင်း လာမသိရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ယာယီဆောက်လုပ်ထားသည့် လောင်းကစားရုံကိုသာ နယ်မြေခံလက်နက်ကိုင် (BGF)များ လာရောက် ဖျက်ဆီးခဲ့သည်ကိုတွေ့ရှိခဲ့ပြီး လောင်းကစားဆိုင်ရာ ပစ္စည်းများကို ဖျက်ဆီးသိမ်းယူသွားခြင်းမျိုးကိုမတွေ့ရှိရကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
ကျေးရွာအတွင်းရှိ လောင်းကစားရုံကို နယ်မြေခံကရင့် လက်နက်ကိုင်များ လာရောက်ပိတ်ပင် တားဆီး ခြင်းကို ဒေသခံများက လက်ခံကြိုဆိုကြပြီး ယခုလို တားဆီးပိတ်ပင်ခြင်းကို အမြဲတမ်းလုပ် ဆောင်နိုင်လျှင် လူငယ်များအတွက် အကျိုးများစွာရှိနိုင်သည်ဟုလည်း ဒေသခံများက ဆိုသည်။
အဆိုပါရန်ပုံငွေ လောင်းကစားရုံကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တပ်မှူးတစ်ဦးက “ကျနော်တို့က တားဆီးထားတာ ရှိပါတယ်။ တခါတလေ အောက်ခြေက တပ်ဖွဲ့ ဝင်တွေလုပ်တာမျိုးကို သူတို့အရာရှိပိုင်းတွေက မသိလိုက်တာလည်း ဖြစ်နိုင်တယ်။ အခုတော့ ကျနော် တို့ဆီက မြို့နယ်အဆင့်နဲ့ ချိတ်ဆက်အသိပေးခဲ့တဲ့အတွက် BGF တွေကပဲ သွားရောက်ရှင်းလင်း ဆောင်ရွက်လိုက်တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဖားအံခရိုင်အတွင်း လောင်းကစားများပြုလုပ်ခြင်းကို ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေး ကော်မတီက တရားဝင်တားမြစ်ထားသော်လည်း ထိရောက်စွာအရေးယူတားဆီးနိုင်ခြင်းမရှိသောကြောင့် လောင်းကစားများကို ခိုးဝှက်ပြီး လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟုလည်း ဒေသခံများက မှတ်ချက်ပြု ပြောဆိုသည်။
“အခုလိုဖျက်ဆီးတာတော့ကောင်းပါတယ်။ လောင်းကစားမလုပ်ရဘူး။ စာတွေထုတ်အဖမ်းခံရမယ်၊ အရေးယူခံရမယ် ပြောထားတယ်။ ဒါတွေ သေချာကိုင်တွယ်သင့်တယ်။ နောက်မလုပ်ရအောင် သတိပေး ဒဏ်ပေးလုပ်သင့်တယ်။ လုပ်ပြတာမဟုတ်ဘဲနဲ့ တကယ်လုပ်သင့်တယ်” ဟု အခြားကျုံပကို ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ် မတ်လမှစပြီး ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေအတွင်း လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းချခြင်းဆိုင်ရာများကို ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ရန် ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA၊ နယ်ခြားစောင့်တပ်-BGF စသည့် ကရင့်လက်နက်ကိုင် (၄) ဖွဲ့က သဘောတူလက်ခံကာ သက်ဆိုင်ရာနယ်မြေဒေသများတွင် အသိပေးဆိုင်းဘုတ်များဖြင့် လိုက်လံ သတိပေးထားခြင်းမျိုးပြုလုပ်ဆောင်ရွက်ထားသည်ဟု သိရသည်။



















