Home သတင်း လက်ခတ်တောင်စခန်းကို မြေပြင်စစ်ကြောင်းဖြင့်မတိုက်ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးတို့ဖြင့် စစ်ကောင်စီတပ် တိုက်ခိုက်နေ

လက်ခတ်တောင်စခန်းကို မြေပြင်စစ်ကြောင်းဖြင့်မတိုက်ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးတို့ဖြင့် စစ်ကောင်စီတပ် တိုက်ခိုက်နေ

1089
Photo: Cobra Column

စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းများ သိမ်း ထားသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကို မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်ခြင်း မျိုးမလုပ် တော့ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုမျိုးလုပ်ဆောင်နေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်က စစ်တပ်စစ်စခန်းတာဝါတိုင်ကုန်းကို KNLA ပူးပေါင်းတပ်များတိုက်ခိုက် သိမ်းပိုက်ထားသည့်ကာလ တစ်လအကျော်ရှိလာချိန်အထိ ပြန်လည်သိမ်းယူနိုင်ခြင်း မရှိသေး သည့် အပေါ် စစ်တပ်က တိုက်ခိုက်မှုဆက်ရှိနေခြင်းဖြစ်သည်ဟု KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်း အမြစ်က ပြောသည်။

“လက်ခတ်တောင်ကို စစ်တပ်က နေ့တိုင်း တစ်ခုမဟုတ်တစ်ခု တိုက်ခိုက်တယ် ။ ကျနော်တို့ ဘက်က လည်းအမြဲ သတိနဲ့နေတယ်။ အခု ဩဂုတ် ၃၁ ရက်ညကဆို စစ်တပ်ဘက်က ဒရုန်းဗုံးကြဲတာမျိုးပါ တိုက်လာပြီ၊ လက်နက်ကြီးကတော့ နေရာစုံက တစ်နေ့ကို ၄၊ ၅ ၊ ၁၀ ကြိမ်ကတော့ ပစ်တယ်။ မြေပြင် စစ်ကြောင်းကတော့ တောင်ပေါ်တက်မတိုက်ရဲတာ နှစ်ပတ်ကျော်လောက်ရှိပြီ ”ဟု KNLA ပူးပေါင်း စစ်ကြောင်း သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ဩဂုတ်လ ၃၁ရက် ည ၉ နာရီ ၃၀ အချိန်ကနေ ၁၁ နာရီခန့်အချိန်အထိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်နေရာများမှ လက်ခတ်တောင်ပေါ်သို့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၂၀ ခန့် ကျရောက် ပေါက်ကွဲမှုရှိခဲ့ပြီး ၎င်းတို့ဘက် အထိအခိုက်မရှိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။

Photo: Cobra Column

လက်ရှိစစ်တပ်က တစ်လကျော် ကာလအတွင်း လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ထိုး စစ်ဆင်တိုက်ခိုက်နေမှုကြောင့် လက်ခတ်တောင်ဘုရားကုန်းပေါ်ရှိ သာသနိက အဆာက်အဦး၊ စေတီပု ထိုးနှင့် တောင်ခြေရှိ ပွင့်လင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်ကျေးရွာ ဘုန်းကြီးကျောင်နှင့်ဒေသခံ နေအိမ်များပျက်စီးမှုများ လာနေကြောင်း သိရှိရသည်။

“တောင်ပေါ်က ဘုရားတွေ၊ စေတီတွေ၊ ကမ္မဌာန်းကျောင်းဆောင်တွေ ပျက်စီးကုန်ပြီ၊ တောင်ခြေက ပွင့် လင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်က ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေပျက်ကုန်ပြီ၊ အခုအဲ့ဒီ အိမ်တွေ ကျောင်းတွေမှာ စစ်တပ်နဲ့ BGFတွေ တပ်စွဲပြီး နေနေကြတယ်။ အဲ့ရွာထဲခြံထဲနေရာတွေကနေ တောင်ပေါ်ကို လက်နက်ကြီးနဲ့ပစ်ထုတ်တယ်။”ဟု စစ်ရှောင်နေထိုင်နေရသည့် မေတ္တာလင်းမြိုင်ရွာသား တစ်ဦးက ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ခိုက်မှုဆက်ရှိနေသည့် လက်ခတ်တောင်တာဝါတိုင် စစ်စခန်းကုန်းတိုက်ပွဲကြောင့် မေတ္တာလင်းမြိုင်၊ ပွင့်လင်းအေးမြိုင်၊ ကံ့ကော်တစ်ထောင်၊ မယ်ထော်သလေးကျေးရွာ၊ စစ်မှုထမ်းဟောင်း ရပ်ကွက်၊ ကျောက်လုံးကြီးရပ်ကွက်၊ ရွှေမြစန္ဒီ၊ တုံးတံတားရပ်ကွက်မှ ဒေသခံပြည်သူ တစ်ထောင် ဝန်းကျင်မှာ နီးစပ်ရာတိုက်ပွဲ လွတ်မည့်နေရာများတွင် နေရပ်ပြောင်းရွှေ့နေထိုင်နေကြရကြောင်း စစ်ဘေးရှောင် နေထိုင်သူများ ပြောစကားအရ သိရသည်။