Home သတင်း ရေတာရှည်၊ စစ်တောင်းမြစ်အရှေ့ခြမ်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံး

ရေတာရှည်၊ စစ်တောင်းမြစ်အရှေ့ခြမ်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံး

1399
Photo: Crd.

စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာ များတွင် ပြီးခဲ့သည့် ဩဂုတ်လ(၃၀)ရက်နှင့်(၃၁)ရက်နေ့က စစ်ကောင်စီ၏ လေ ကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် လင်မယား(၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ ရေတာရှည်မြို့နယ်၊ ကဲလင်း ဆိပ်ရွာနှင့် အနီးတစ်ဝိုက်သို့ (၁၇)ကြိမ်တိုင်တိုင် လေကြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ သလို စည်ပိုင်းရွာ၊ ရှမ်းရွာလေး၊ ပိန္နဲပင်ရွာ၊ အောက်ပိုင်းရွာ အစရှိသည့် ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အောက်ပိုင်းရွာနေဒေသခံ လင်မယား (၂)ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေး အင်အားစုနှင့်ဒေသခံများထံမှ သိရသည်။

“လေယာဥ်လာပြီးတော့ တော်လှန်ရေးတပ်ရဲ့စခန်းတစ်ခုကို စစ်တပ်က ဝင်စီးတာလို့ သိရတယ်။ အဲ့ဒါကြောင့်တိုက်ပွဲဆက်ဖြစ်တာပြီးတော့ ရွာဘက်ကို စစ်တပ်က လက်နက်ကြီးထပ်ပစ်တာမှာ လင်မယား နှစ်ယောက်ဆုံးတယ်။ ဒီနေ့တော့ တိုက်ပွဲ ဆက်ဖြစ်တာမရှိဘူး” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယနေ့ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများရှိဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်များ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာပါက နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား နိုင်ချေရှိသဖြင့် လုံခြုံရေးစိုးရိမ် ရသည့်အခြေအနေတွင်ရှိနေကြောင်းလည်း အဆိုပါဒေသခံက ဆက်လက်ပြောဆိုသည်။

ဩဂုတ်လ(၃၁)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် အဆိုပါထိတွေ့တိုက်ပွဲတွင် ပူးပေါင်းတပ်ဘက်မှ နယ်မြေအသာစီးရထား၍ ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီ ဘက်မှအထိနာခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း ထိခိုက်မှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်တောင်းမြစ်အရှေ့ဘက်ပိုင်းဒေသသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုး မှုအများအပြားရရှိထားသောကြောင့် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ပစ်မှတ် ထားတိုက်ခိုက်မှုများလုပ်၍ အင်အားစုများအထိနာအောင် ပြုလုပ်နေခြင်း ဖြစ်သည် ဟုလည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN မှ တာဝန်ရှိသူ တစ်ဦးကလည်း ယခုလိုပြောသည်။

“အင်အားစုတွေအနေနဲ့ကလည်း တိုက်ခိုက်ရေးရော ပြည်သူလူထုရဲ့လုံခြုံရေးကိုလည်း စောင့်ရှောက်ရတာဆိုတော့ ပြည်သူကိုဒုက္ခအမျိုးမျိုးပေးနိုင်တယ်ဆိုရင် တော်လှန်ရေး ဆုတ်ယုတ်မယ်ဆိုတာမျိုးနဲ့ စစ်ကောင်စီက လုပ်ဆောင်နေတာဖြစ်တယ်။ ပြီးတော့ ရွာထဲမှာပစ္စည်းတွေကိုဖျက်ဆီးတာ၊ ပြည်သူတွေကို ရွာထဲပြန်မနေနိုင်အောင် လေ ယာဥ်နဲ့ လက်နက်ကြီးနဲ့ ဗုံးကြဲချတာတွေလုပ်တာတွေက စစ်တပ်ရဲ့အင်မတန်ကို လူသားမဆန်တဲ့လုပ်ရပ်တွေဖြစ်တယ်။” ဟု ၎င်းက ဆိုသည်။

ထို့အတူ ယခုနှစ် ဖေဖော်ဝါရီလပိုင်းက KPSN မှထုတ်ပြန်ထားသော စာရင်းများအရ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသအပါအဝင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)ထိန်းချုပ်ရာ တောင်ငူခရိုင်အတွင်း ပဋိပက္ခနှင့် ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူဦးရေသည် ၃ သောင်း ကျော်ရှိနေပြီး လက်ရှိတွင် ၎င်းအရေအတွက်ထက် ထောင်ဂဏန်းပိုများ လာသည်ဟုလည်း ဖော်ပြထားသည်။