Home သတင်း မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရသည့် သတင်းအချက်အလက်ပေါက်ကြားမှုကိစ္စ ရဲတပ်ဖွဲ့ဝင်များ စစ်ကြောခံနေရ

မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရသည့် သတင်းအချက်အလက်ပေါက်ကြားမှုကိစ္စ ရဲတပ်ဖွဲ့ဝင်များ စစ်ကြောခံနေရ

1237

စက်တင်ဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီခရိုင်ရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် ရဲကြေးနန်းပေါက်ကြားမှု၊ တယ်လီဖုန်းအသံဖိုင် ပေါက် ကြားမှု၊ ဓာတ်ပုံအချက်အလက် ပေါက်ကြားမှုများ ဖြစ်ခဲ့သည့်အတွက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်၊ ခရိုင်ရဲ စခန်းများမှ ရဲတပ်ဖွဲ့ဝင်များအား စစ်ကြောခံနေကြရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ် သည့် သတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။

စက်တင်ဘာ ၃ရက်ညက မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဘက်မှ ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ခရိုင်အဆင့် စစ်ဘက်၊ အရပ်ဘက် အရာရှိများ အပါအဝင် ၆ဦးအထိ သေဆုံးပြီး ၁၀ဦးဒဏ်ရာရသည့် ဖြစ်စဥ်အတွင်း သတင်းအချက်အလက်များ သတင်းမီဒီယာများထံသို့ ပေါက်ကြားပျံ့နှံ့ခဲ့သည့်အတွက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့လက် အောက်ခံ မြို့နယ်/ခရိုင်တပ်ဖွဲ့ ဝင်များအား စစ်ကြောရေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

“ဒရုန်းချခံရတယ်။ ပေါက်ကွဲတယ်။ ခေါင်းပေါင်းတွေ (အရာရှိတွေ) သေတယ်၊ ဒဏ်ရာပြင်းထန်တယ်။ အဲ့ဒီကိစ္စတွေကိုကြေးနန်းထွက်တာ၊ ဖုန်းသတင်းပို့တာ၊ ဖြစ်စဥ်ဓာတ်ပုံတွေပို့တာမှာ အပြင်အဖွဲ့တွေ၊ မီဒီယာတွေပေါ်ကို နာရီပိုင်းအတွင်း ပျံ့နှံ့ကုန်တာနဲ့ ပတ်သက်ပြီး မနေ့ကဆိုရင် တစ်နေကုန်ပြည်နယ်ကနေ စစ်ဆေး ကြိမ်းမောင်းနေတာ ဖရဲသီးစစ်ဆင်ရေးပေါ့။ ရအောင်ဖော်မရရင် အရေးယူမယ်၊ ရာထူးပြုတ်မယ် ပေါ့။ ပြည်နယ်အဆင့်တွေက ကြိမ်းမောင်းနေတယ်။ မြို့နယ်/ခရိုင် စခန်းတွေကိုပေါ့။”ဟု ပြည်နယ် ရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

KNLA ပူးပေါင်းတပ်များ မြဝတီခရိုင်ရဲစခန်းကို တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ်ဘက်က လေကြောင်း၊ လက်နက်ကြီးများဖြင့် လက်ခတ်တောင်ဘက်ကို ပြန်လည်ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို မြဝတီမြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာ များအား ထပ်မံတိုက်ခိုက်မည်ဖြစ်သည့်အတွက် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ကြရန် KNLA ပူးပေါင်းဒရုန်းတပ်ဖွဲ့များက လည်း သတိပေးမှု ထုတ်ပြန်ထားသည်။

မြဝတီရဲတပ်ဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်တစ်ခုက “မြဝတီရဲတွေကတော့ နယ်ပြောင်းတွေ၊ မိသားစုတွေ ရှိကြတယ်။ သူတို့ကတော့ နေရာပြောင်းဖို့ မရှိတော့ ဆက်နေနေကြတယ်။ မြို့ခံ၊ နယ်ခံထဲက ရဲမိသားစုတွေကတော့ ရပ်ကွက်တွေထဲက အိမ်တန်းလျားတွေ၊ ပြောင်းနေတယ်။ အရာရှိမိသားစုတွေက တော့ နီးစပ်ရာ တည်းခိုခန်းတို့ BGF ဂိတ်ဝင်းထဲက တိုက်ခန်းတန်းလျား ဘက်တို့ ပြောင်းနေကြတယ်။ ရဲတွေကတော့ ဘယ်မှပေးမထွက်ဘူး။ စခန်းမှာ အသင့်အနေအထားပဲရှိနေရမယ် ပြောထားတယ်။”ဟု ပြောသည်။

လတ်တလောတွင် ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်သည့် မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်ထက်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ပုဂ္ဂလိကဆေးရုံတွင် အရေးပေါ်လူနာအဖြစ် တင်ပို့ကုသနေရပြီး ကျန်ထိခိုက်ဒဏ်ရာရ ထားသည့် ရဲတပ်ဖွဲ့ဝင်များအား မြဝတီမြို့ဆေးရုံကြီးတွင် ကြပ်မတ်ကုသပေးနေကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဥ်အတွင်း သေဆုံးသွားကြသည့် စစ်ကောင်စီလက်အောက်ခံ မြဝတီခရိုင်အဆင့် စစ်ဘက်၊ အရပ်ဘက် အရာရှိ၊ အကြပ်၊ အခြားအဆင့် ဝန်ထမ်း အပါအဝင် လူ ၆ဦး၏ ဈာပနကို ပြုလုပ်မည်ဖြစ်သည့်အတွက် မြဝတီမြို့တွင်း လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ဆေးစောင့်ကြပ်မှုများ လုပ်ဆောင်နေကြောင်း မြဝတီမြို့ခံများ၏ ပြောစကားအရ သိရသည်။