Home သတင်း ကော့ကရိတ်မြို့အမြှောက်တပ် နေ့စဉ်လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ အသက်အန္တရာယ်ကြားထဲနေထိုင်ရ

ကော့ကရိတ်မြို့အမြှောက်တပ် နေ့စဉ်လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ အသက်အန္တရာယ်ကြားထဲနေထိုင်ရ

540

စက်တင်ဘာလ ၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကျေးရွာများသို့ မြို့တွင်းရှိ စစ်ကောင်စီ အမြှောက်ကုန်းမှ နေ့စဉ် လက်နက်ကြီးများ ပစ်‌ခတ်မှုလုပ်ဆောင်နေသောကြောင့် ဒေသခံအရပ်သား ပြည်သူများမှာ အသက်အန္တရာယ်ကြားထဲရှင်သန်နေထိုင်ကြရကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သည် နယ်မြေဒေသကို စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိ‌တော့သဖြင့် လက်နက်ကြီးများဖြင့် တော်လှန်ရေးအင်အားစုများ နေထိုင်နိုင်သည့် မြို့ပြင်ရှိ ကျေးရွာများအတွင်းသို့ နေ့စဉ် ရမ်းသမ်းပစ်ခတ်‌နေခြင်းဖြစ်ပြီး ဒေသခံများအတွက် အသက်အန္တရာယ်လုံခြုံမှုမရှိကြောင်း အမည်မဖော်လိုသူ ကြောင်လျှာကုန်းကျေးရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။

” တော်လှန်ရေးတပ်ဖွဲ့‌တွေက မြို့အဝင်ကင်းပုန်းချထားတဲ့ စစ်ကောင်စီ တပ်တွေကို သွားရောက် တိုက်ခိုက်တဲ့အပြင် မြို့အစပ်ကျေးရွာတွေမှာ ဝင်ရောက်နေထိုင်လာတယ်။ စစ်ကောင်စီတပ်က မြို့ကိုကောင်းကောင်း မထိန်းချုပ်နိုင်တော့ လက်နက်ကြီးအားကိုးပြီး နေ့စဉ်ပစ်ခတ်မှုလုပ် ဆောင်နေတော့ ‌ရွာသားတွေ အန္တရာယ်ကြားထဲ ဒီလိုပဲနေထိုင်ရတယ်”ဟု ၎င်းက ကေအိုင်စီသို့ပြော သည်။

ကော့ကရိတ်မြို့အနီးရှိ ဒေသခံ ကျေးရွာသားများအနေဖြင့် လက်နက်ကြီးအန္တာရာယ်ကြောင့် နေ့ရပ်စွန့်ခွာတိမ်းရှောင်နေကြရသူများရှိသလို တိမ်းရှောင်ရန် အခက်အခဲရှိသည့် ဒေသခံအချို့လည်း ကျေးရွာအတွင်း သတိထား၍ နေထိုင်နေကြရကြောင်း ဒေသခံများကပြောသည်။

ကော့နွဲဒေသခံ အမျိုးသမီးတစ်ဦးက “ပိုက်ဆံအဆင်ပြေတဲ့လူ ဆွေမျိုးရှိတဲ့လူက အခြားနေရာကို တိမ်းရှောင်လို့ရတာပေါ့။ ကျမတို့က ပိုက်ဆံလည်း အဆင်မပြေတော့ သူများအိမ်မှာ အကြာကြီးသွားနေလို့ အဆင်မပြေဘူး။ ကိုယ့်ရွာမှာပဲပြန်လာနေပြီး လက်နက် ကြီးကျလို့ ထိရင်လည်းကံပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ နေ့စဉ်လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့်‌ အရပ်သားနေအိမ်၊ အိမ်မွေးတိရိစ္ဆာန်အများအပြားထိခိုက်ပျက်စီးပြီး ကျေးရွာသားများကလည်း လုပ်ကိုင်စား သောက်၍မရတော့ဘဲ စားဝတ်နေရေးအခက်အခဲများကြုံတွေ့လာရကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သည် ယခင်ကတည်းကပင် ကျေးရွာများအတွင်းကို လက်နက်ကြီး‌များရမ်းသမ်း ပစ်ခတ်လျက်ရှိပြီး လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ကျေးရွာများအတွင်း ဝင်ရောက်နေထိုင် လာသဖြင့် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်မှတ်များ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဒေသခံ တချို့လည်း ယနေ့အချိန်ထိ နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

လက်နက်ကြီးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရသည့် ကျေးရွာများမှာ ကြောင်လျှာကုန်း၊ ရန်ကုတ်၊ ပျားပင်၊ ကောင်းမှု၊ နန်းကတိုး၊ ဆင်ကုန်း၊ ကော့နွဲ၊ ရွာသစ် နှင့် ကမိုင်ကုန်းစသည့်ကျေးရွာများ ပါဝင်ကြောင်း သိရသည်။