စက်တင်ဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်နှင့် လူသောမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့တွင် တစ်ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်သည်။
နှစ်ဖက်တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအပြင် စစ်တပ်စခန်းငယ်တဲတစ်လုံးလည်း ပျက်စီးခဲ့ပြီး KNLA ဘက်တွင်မူ အထိအခိုက်အကျအဆုံးမရှိကြောင်း ကေအဲန်ယူဘက်က ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖာပွန်အခြေစိုက်စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(ခမရ−၃၄၁) မှ ဝေမုံ ကျေးရွာ အနီးရှိလယ်ကွင်းတွင် နွားကြောင်းနေသည့် ဝေမုံကျေးရွာသာ စောအအဲကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် ၎င်း၏ ဘယ်ဖက်ရင်ဘတ်တွင် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လတစ်လအတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်များ အကြား တိုက်ပွဲပေါင်း (၁၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူမူတြော်ဘက်က ထုတ်ပြန်ထားသေးသည်။
ထို့အပြင် ဖာပွန်မြို့ ရပ်ကွက် -၂ နှင့် သိမ်ကုန်းတွင် လုံခြုံရေးတာဝန်ယူနေသည့် (ခမရ−၃၄၁) တပ်ဖွဲ့ဝင် အချင်း ချင်းကြား စကားများရန်ဖြစ်ပြီး အချင်းချင်းပြန်လည်ပစ်ခတ်မှုကြောင့် နှစ်ဦးစလုံးသေဆုံးသွားကြောင်း ဒေသခံ များ၏ ပြောပြချက်ကို ကိုးကားပြီး KNU ဘက်က ထပ်ဆင့်ဖော်ပြပြောဆိုထားသည်။
မူတြော်(ဖာပွန်)ခရိုင်တွင် နယ်မြေခံ KNLA နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) တပ်တို့ အကြား မကြာ ခဏတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နီးစပ်သည့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသလို လမ်းကြောင်းပိတ်ဆို့ခံရမှုများကြောင့် ဒေသတွင်း ဆန်ရိက္ခာပြတ်လပ်သည့် အခက်အခဲများလည်း ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။



















