Home သတင်း ပြည်နယ်တွင်းရှိ မြို့နယ် ၄ ခုတွင် ရေကြီး၍ ပျက်စီးသွားသောစပါးများ အစားထိုးပြန်စိုက်ရန် ခက်ခဲနေ

ပြည်နယ်တွင်းရှိ မြို့နယ် ၄ ခုတွင် ရေကြီး၍ ပျက်စီးသွားသောစပါးများ အစားထိုးပြန်စိုက်ရန် ခက်ခဲနေ

893

စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ် နှင့်ကြာအင်းဆိပ်ကြီး စသည့်မြို့နယ် ၄ ခုရှိ ကျေးရွာတချို့တွင် ယခုနှစ် မိုးရာသီကာလအတွင်း မိုးကြီးရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော စပါးများ အစားထိုး ပြန်စိုက်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံလယ်သမားများ ပြောသည်။

တောင်ကျချောင်းရေ နှင့် မြစ်ရေလျှံမှုများကြောင့် စပါးခင်းများအတွင်း ၁၀ ရက်နီးပါး ရေလွှမ်းမိုးမှုများဖြစ်ပြီး စပါးပျက်စီးမှုများသဖြင့် စပါးများပြန်လည်စိုက်ပျိုးရန်အတွက် ‌အရင်းအနှီးငွေကြေးအပြင် စပါးမျိုးစေ့ အကူအညီများပါ လိုအပ်နေကြောင်း ဒေသခံ လယ်သမားတစ်ဦးက ယခုလိုပြောသည်။

“အရင်ဝါထပ်ပြီး ရေကြီးတုန်းက အစိုးရကလူတွေကူညီကြတယ်။ ပျိုးစေ့တွေ အလကားပေးတယ်။ ဒီနှစ် လည်းပေးရင် လယ်သမားတွေအတွက် အဆင်ပြေတာပေါ့။ ဈေးက အဆမတန် နင်းကန်တက်နေတော့ ဘယ်လယ်သမားမှ အဆင်မပြေဘူး။ အကူညီလိုနေတယ်”ဟု ၎င်းလယ်သမားက ကေအိုစီသို့ပြောသည်။

ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့်ရေကြီးရေလျှံမှုတွင် စပါးခင်းများအတွင်းသို့ နှုန်းမြေများ၊ ဗွက်များမှာ စပါး ခင်း များအတွင်းသို့ ဝင်ရောက်ခဲ့ပြီး စပါးတစ်ခင်းလုံးပျက်စီးသွားသည့် အနေအထားကိုလည်း ကြုံတွေ့ ခဲ့ကြရာ ပြန်လည်စိုက်ပျိုးနိုင်မှသာ လယ်သမားများအတွက်စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်းလည်း ၎င်းလယ်သမားက ဆက်ပြောသည်။

မိုးရွာသွန်းမှုများပြီး စပါးခင်း ပျက်စီးလယ်ဧက မည်မျှရှိသည်ကို သက်ဆိုင်ရာ တာဝန်ရှိဌာနများ၏ စာရင်းပြုစု ထားမှုကို မတွေ့ရှိရသော်လည်း ယခုနှစ်မိုးရာသီတွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိနေကြောင်းကို လယ်သမားများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် အခြေခံလူတန်းစားများအနေဖြင့် စီးပွား ရေးနှင့် စားဝတ်နေရေး အကြပ်အတည်းများ ရင်ဆိုင်လာကြရသလို ငွေကြေးဖောင်းပွမှုနှင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကိုပါ ခံနေကြရသည်။ ထို့ကြောင့် တောင်သူလယ်သမားများလည်း ရေကြီးသဖြင့် ယခု လို စပါးခင်းအများအပြား ပျက်စီးသွားသည့်အတွက် မျိုးစပါးများ ပြန်လည်ဝယ်ယူရန်အခက်အခဲရှိကြောင်းကို တောင်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကရင်ပြည်နယ်ရှိ မြေနိမ့်ပိုင်းနေရာများတွင် အလားတူ ရေကြီးမှုဖြစ်ပွား ခဲ့ရာ ပြည်နယ်အတွင်း လယ်ဧကပေါင်း (၅၀,၀၀၀)ကျော် ရေဖုံးလွှမ်းမှုခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ရာ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လယ်ရာစိုက်ပျိုးရေး ဦးစီးဌာနက ဆန်မျိုးစေ့ အခမဲ့ ပေးဝေခဲ့သည့်ဖြစ်စဥ်မျိုးရှိခဲ့သည်။