Home ဆောင်းပါး ၂ – နှစ်တာ လက်တွေ့ဖြတ်သန်းမှုထဲက ခုခံတွန်းလှန်စစ်

၂ – နှစ်တာ လက်တွေ့ဖြတ်သန်းမှုထဲက ခုခံတွန်းလှန်စစ်

1274
Photo: Crd.

၂ – နှစ်တာ လက်တွေ့ဖြတ်သန်းမှုထဲက ခုခံတွန်းလှန်စစ်

မောင်ကျော်စွာ

(၁၃-၉-၂၀၂၃)

ယခုဆိုလျှင် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့မှာ “ပြည်သူတို့၏ ခုခံတွန်းလှန်စစ် စတင်နေပြီ”လို့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က တရားဝင်ကြေညာခဲ့တာ ၂နှစ်တင်းတင်းပြည့်ပါပြီ။ ထို ၂နှစ်တာ လက်တွေ့ဖြတ်သန်း မှုထဲမှာ ကျနော်တို့ဟာ မိမိကိုယ်ကိုယ် မိမိ အတိုင်းအတာတစ်ခုအထိတော့ မြင်နိုင်ခဲ့ကြပြီလို့ ယူဆပါတယ်။ ဒီ ၂နှစ် တာကာလ ဖြတ်သန်းမှုဆိုတဲ့ မိမိတို့ကိုယ်ပိုင်လက်တွေ့ ဖြတ်သန်းမှုထဲမှာ မိမိတို့အပြောနဲ့အလုပ်တွေကို အပြန်အလှန် အလေးအနက် ဆန်းစစ်ကြဖို့သာဖြစ်ပါတယ်။ ဒီလို ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေထဲနေ ထုတ်ယူရရှိလာတဲ့ သင်ခန်း စာတွေနဲ့ ရှေ့ခရီးကို ဆက်ကြဖို့ပါ။

ဒီ ၂နှစ်တာကာလ လက်တွေ့ဖြတ်သန်းမှုအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ကိုယ့်အ ကြောင်းကို သိလာကြပြီ။ အထူးသဖြင့် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းနဲ့ ဆက်ဆံရေးမှာ၊ ရန်ပုံငွေရှာဖွေရေးမှာ၊ လက်နက်ခဲယမ်း အစရှိသော စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များ ဝယ်ယူဖြည့်တင်းရေးမှာ၊ လူမျိုးစုအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးမှာ၊ တပ်ဖွဲ့များအတွက် လိုအပ်သော လေ့ကျင့်ရေး၊ ယူနီဖောင်း၊ ဆေးဝါးနဲ့ ယူနီဖောင်းရရှိရေးမှာ တစ်နေ ရာနဲ့တစ်နေရာ ဆက်သွယ်သွားရေးလာရေးမှာ အရင်ကလို စမ်းတဝါးဝါးမဟုတ်တော့ဘဲ တစ်စုံတစ်ရာတော့ သိနား လည်လာခဲ့ကြပြီ မဟုတ်ပါလား။

တဆင့်တိုးပြီးပြောရလျှင် အချိန်တိုတိုအတွင်းမှာ အောင်ပွဲကြီးကြီးရဖို့ (စကားကြီး စကားကျယ်ပြောရရင် ‘တော်လှန်ရေး အောင်ပွဲခံဖို့’)ဆိုတာ ထင်သလောက် (စိတ်ကူးယဉ်ထားသလောက်) မလွယ်ကူဘူး ဆိုတာကို ‘အားလုံး’ အနေနဲ့ တိတိကျကျ သိရှိသဘောပေါက်သွားလောက်ပြီလို့ ယူဆပါတယ်။ ကျနော်တို့ဟာ ဘဝများစွာ၊ အသက်သွေး များစွာနဲ့ ရင်းပြီးပေးဆပ်ပြီးရတဲ့ မိမိကိုယ်ပိုင်လက်တွေ့ကိုရော သူတပါးရဲ့လက်တွေ့ကိုပါ လေးလေးနက်နက် တန်ဖိုး ထားကြဖို့လိုပါတယ်။

‘နွေဦးတော်လှန်ရေး’ ဟာ ၂နှစ် ဆိုတဲ့လက်တွေ့ကို ရင်ဆိုင်တွေ့ကြုံ ဖြတ်သန်းဖူးပြီဆိုတဲ့ အတွေ့အကြုံကို ရရှိလာခဲ့ပါပြီ။ ဒီအတွေ့အကြုံနဲ့ဖြတ်သန်းမှုကို “ယာယီသမ္မတကြီး” ကနေ “သေနတ်ကိုင် PDF ရဲဘော်လေး”အထိ အလေးအနက် တန်ဖိုးထားကြဖို့လိုပါတယ်။ ဘာကြောင့် ဒီအတွေ့အကြုံတွေဟာ ဒီ ၂နှစ်တာ ခုခံ စစ်ကာလအတွင်း စစ်မျက်နှာအသီးသီးမှာ ကျဆုံးသွားခဲ့ကြတဲ့၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားခဲ့ကြရတဲ့၊ ထောင်သွင်း အကျဉ်းချခံထားရ တဲ့ တော်လှန်ရေးရဲဘော်များစွာရဲ့ အသက်သွေးတွေနဲ့ ရင်းနှီးပြီး ရရှိခဲ့ကြတာမို့ပါ။

၂နှစ်တာကာလအတွင်းမှာ လိုအပ်နေဆဲအရာ ၃ခုကတော့ ပထမဆုံးက “လူထုစည်းရုံးရေး”၊ ဒုတိယ “ညီညွတ် ရေး” ပါ။ တတိယက “လက်နက်ခဲယမ်းကိစ္စ” ပဲ ဖြစ်ပါတယ်။

ဒီ ၃ခုဟာ ဦးထိပ်ထားရမယ့်ကိစ္စအရမို့သာ ပထမ၊ ဒုတိယ၊ တတိယ လို့ အစဉ်လိုက်ပြောရတာပါ။ အရေးကြီး မှု မှာတော့ အားလုံးဟာ တန်းတူအရေးကြီးပါတယ်။

လူထုစည်းရုံးရေး
ဒါဟာ စစ်ပွဲအောင်မြင်ဖို့အတွက် ပင်မအခြေခံဖြစ်ပါတယ်။ ကျနော်တို့ ခုခံတွန်းလှန်စစ်ဟာ ပြည်သူလူထုကို စည်းရုံးပြီး၊ ပြည်သူ့နိုးကြားမှုကို အခြေခံပြီး လုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ခိုင်ခိုင်မာမာ စည်းရုံးထားနိုင်ဖို့ လိုအပ်ပါတယ်။ ဘယ်ဒေသက ပြည်သူကိုမဆို မဆန့်ကျင်ဖို့၊ မစော်ကားဖို့ သိပ်အရေးကြီးပါတယ်။ ပြည်သူတွေရဲ့အကျိုးစီးပွားတွေကို မထိခိုက်မပျက်ပြားအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အတင်း အကြပ်လုပ်တာ၊ ဆဲဆိုရိုက်နှက်တာ၊ လုယက်တာ၊ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာတွေကို ပြည်သူလူထုက အင်မတန် မုန်းတီးရွံရှာပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ခုခံစစ်မှာပါဝင်နေတဲ့ ရဲဘော်စစ်သည်တိုင်းက ပြတ်ပြတ်သားသား ရှောင် ကျဉ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ဘုံရန်သူကိုတိုက်နေတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို စည်းလုံးနိုင်ဖို့ နားလည်မှုရှိကြဖို့ လိုအပ်ပါ တယ်။ ဒီလိုမှ မဟုတ်ဘဲ ငါတို့ PDF တွေကသာလျှင် ဗိုလ်ပဲ ကျန်တာတွေက ဖွဲနဲ့ဆန်ကွဲ ဆိုတဲ့အပေါက်မျိုးချိုးရင်တော့ ဘုံရန်သူကို တစည်းတလုံးထဲတိုက်ရေးမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေမှာပါ။ ဘုံရန်သူကိုတိုက် နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ပျော့ပြောင်းကျယ်ပြန့်တဲ့ နိုင်ငံရေး / စည်းရုံး ရေးသဘောထားအမြင်ကို (NUG) အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားတဲ့ (COC)ထဲမှာ တိတိ ကျကျ ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

ဘုံရန်သူ (စကစ)စစ်အုပ်စုနဲ့ မပြတ်နိုင် မစဲနိုင်ဖြစ်နေတဲ့ အဖွဲ့အစည်းတချို့ကို (အကြောင်းအမျိုးမျိုးနဲ့) ကမ်းလှမ်းကူးလူး ဆက်ဆံနေနိုင်သလို ဘုံရန်သူကို တိုက်ခိုက်နေတဲ့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လည်း မှန်ကန်တဲ့ ဆက်ဆံရေးသဘောထားမျိုး ထားရှိစေချင်ပါတယ်။ လက်နက်နယ်မြေနဲ့ အင်အားကြီးရင်တစ်မျိုး၊ လက်နက်အင်အား မရှိရင် တစ်မျိုး (သို့တည်းမဟုတ်) နိုင်ငံရေးယုံကြည်မှုကို အကြောင်းပြုပြီး ခွဲခြားဖယ်ထုတ် ဆက်ဆံတာမျိုး စတဲ့ မူမမှန်တဲ့ဆက်ဆံမှုမျိုးတွေ မထားရှိသင့်ပါဘူး။

ညီညွတ်ရေး
ဘုံရန်သူ(စကစ)စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ အင်အားစုတိုင်းနဲ့ အပြန်အလှန် ဆက်သွယ်ပေါင်းစည်းနိုင်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖက် (စကစ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ တိုက်ဖျက်ရေးကို အစဉ်တစိုက် ဦးတည်တဲ့ ဘုံရန်သူတိုက်ခိုက်ရေး ညီညွတ်ရေးတပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းရေးကို နယ်ပယ်ဒေသအသီးသီးမှာ သူ့နယ်မြေ ထူးခြား ချက်နဲ့အညီ စုစည်းနိုင်ဖို့ လိုအပ်ပါတယ်။

လက်တွေ့မကျတဲ့ အပြန်အလှန် ချည်နှောင်မှုဆိုတာတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု ချည်နှောင်ထားကြတာမျိုးဟာ ညီညွတ်ရေးလို့ မခေါ်နိုင်ပါဘူး။ ညီညွတ်ရေးလည်း မဟုတ်ပါဘူး။

စစ်အုပ်စုနဲ့ ၂၀၀၈အခြေခံဥပဒေ တည်ရှိနေသမျှ ဘယ်လိုပြည်ထောင်စု၊ ဘယ်လိုဖက်ဒရယ်နိုင်ငံကိုမျှ မတည် ဆောက်နိုင်ပါဘူး။ မထူထောင်နိုင်ပါဘူး။ တချိန်ကလည်း လွတ်မြောက်နယ်မြေတွေမှာ စာချုပ်တွေ၊ သဘောတူညီ ချက်တွေ ချုပ်ဆိုခဲ့၊ လက်မှတ်တွေ ထိုးခဲ့ဖူးကြတာပါပဲ။ နောက်ဆုံးတော့ အဲဒါတွေဟာ စက္ကူပေါ်က အရာတွေပဲဖြစ် သွားခဲ့တယ် မဟုတ်ပါလား။

“စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အစင် တိုက်ဖျက်နိုင်မယ့် ညီညွတ်ရေး”ကိုပဲ လက်တွေ့ကျကျ ပထမဆုံး တည်ဆောက်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ စစ်အုပ်စုက ခင်းကျင်းပေးတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ဘောင်ထဲမှာ နိုင်ငံရေးပါတီတွေရော – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော ပါဝင်လှုပ်ရှားခဲ့ကြဖူးတဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှု ကိုယ်စီရှိခဲ့ကြဖူးပြီ မဟုတ်ပါလား။ အဲဒီဘောင်ထဲကို ပုံစံတမျိုးနဲ့ နောက်တစ်ကျော့ ပြန် ဝင်အုံးမယ် မိုက်မဲမှုမျိုးတော့ ဘယ်သူတွေကများ ထပ်မံကျူးလွန်ချင်ပါသေးသလဲ။

မင်းအောင်လှိုင်က “ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သည်သာ အသင့်တော်ဆုံး – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးတောင်းဆိုမှုကို အားနည်းကြောင်း” တို့မီး ရှို့မီးလုပ်ကာ ပြောလာနေပြန်တယ်။ ရှမ်းပြည်နယ်မှာပြောနေတော့ ရှမ်းပြည်နယ်ကြီးကို ရှစ်စိတ်မက ကွဲစေချင်ပုံရပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရဆိုရင်လည်း တစ်ချိန်က ရှမ်းပြည်နယ်ကြီးဟာ “ဝ၊ ပလောင်၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု” စသဖြင့် ခွဲစိတ်ထားပြီးပြီ မဟုတ်ပါလား။ (စကစ) စစ်အုပ်စုရဲ့ အကောက်ကြံမှုကို တွေးကြည့်ရရင် ပြည်နယ်တွေရဲ့ မူလနာမည်တွေကိုလည်း “ကချင် – ကယား – ကရင် – ချင်း – မွန် – ရခိုင် – ရှမ်း” စတဲ့ လူမျိုးနာမည်တွေနဲ့တွဲပြီး ထားချင်ဟန်မရှိတော့ဘူးနဲ့ တူပါတယ်။

တကယ့်ပြည်ထောင်စုစစ်စစ်ဆိုတာ စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အစင် ဖျက်သိမ်းပစ်ပြီးတဲ့ အခြေခံပေါ်မှာ အင်အားစုပ်တွေအချင်းချင်း တန်းတူမှုရှိရှိ၊ ဒီမိုကရေစီနည်းကျကျ ညှိနှိုင်းပုံဖော်ကြရမှာ မဟုတ်ပါလား။ ဒီတော့ (NUG)ဟာ ဒီလိုအခြေခံကောင်းကို အစဖော်နိုင်မယ့် မူမှန်တဲ့ ညီညွတ်ရေးကို အခုကတည်းက ကျယ်ပြန့်တဲ့ အမြော်အမြင်နဲ့ ချမှတ်စည်းရုံးနိုင်ဖို့ လိုပါတယ်။ အပြန်အလှန်ချည်တုပ်ထားတဲ့ သို့မဟုတ် ဆူလွယ်နပ်လွယ် တစ်နပ် စား ညီညွတ်ရေးမျိုးတွေနဲ့တော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ဒါဟာ တိုင်းပြုပြည်ပြုကိစ္စကြီးဖြစ်ပါတယ်။

လက်နက်ခဲယမ်းကိစ္စ
စစ်နိုင်ရေးမှာ အင်မတန် အဓိကကျတဲ့ ကိစ္စဖြစ်ပါတယ်။ ၂နှစ်တာ ဖြတ်သန်းလိုက်တဲ့အခါ လက်နက်ခဲယမ်း ကိစ္စအပေါ် (NUG)အနေနဲ့ တော်တော်ကို သဘောပေါက်နားလည်နေပြီလို့ ယူဆမိပါတယ်။ ကဗျာမှာ ကာရန်မဲ့တာ/ မမဲ့တာက သိပ်ကိစ္စမရှိပေမယ့် သေနတ်မှာ ကျည်ဆန်မရှိလို့/ကျည်ဆန်မဲ့လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို (ကဗျာဆရာ) ကာကွယ်ရေးဝန်ကြီး သဘောပေါက်နေလောက်ပါပြီ။ တလောက ကေအဲန်ယူ လူကြီးတစ်ဦးဖြစ်တဲ့ ပဒို စောသမိန်ထွန်းပြောတဲ့အထဲမှာ လူ ၁၀၀၀ – သေနတ် ၁၀၀၀ လို့ ကြားလိုက်ရပါတယ်။ လူ ၁၀၀၀ သေနတ် ၁၀၀၀ အတွက် ကျည်ဆန်ကတော့ အနည်းဆုံး ၃၀၀ ၀၀၀ (သုံးသိန်း) လောက်လိုမယ်ဗျ။ အဲဒီအတွက် ငွေရှိဖို့လိုတယ်။ ငွေရှိ အုံးတောင် ဝယ်ဖို့ ဘယ်လောက် ခက်ခဲတယ်၊ ဘယ်လိုအခက်အခဲတွေ တန်းစီပြီး ရှိနေတယ်ဆိုတာကို ကဗျာဆရာ ကာ/ဝန် အသိဆုံးဖြစ်မှာပါ။ ဒါဟာ ရိုးရိုးဥပမာလေးတစ်ခုပါ။ မြို့တွေသိမ်းမယ်။ လမ်းများအားလုံးဟာ နေပြည်တော်သို့ ဆိုတဲ့ စစ်ရေးစီမံကိန်းတွေဆိုရင်တော့ စဉ်းစားသာကြည့်ပါတော့။

ဒီတော့ ဖြစ်သင့်ဖြစ်ထိုက်တာက တော်လှန်ရေးရဲ့ အခက်အခဲကို ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း အစီရင်ခံ ပါ။ ကျနော်တို့ ဘယ်တိုင်းပြည်က ဘယ်သူတွေဆီက ဘယ်လိုအကူအညီတွေ ဘယ်လောက်ပမာဏတော့ ရတယ်။ ဘယ်ကိစ္စတွေကို ဘယ်လိုသုံးစွဲရတယ် စသဖြင့် အရှိအတိုင်း အစီရင်ခံလိုက်ရင် တော်လှန်ရေးရဲ့အခြေအနေကို ပြည်သူ လူထုက သဘောပေါက်ပြီး စာနာကူညီလာနိုင်မှာပါ။ စကားလုံးကြီးတွေနဲ့ မစားရ ဝခမန်းတွေ လှည့်ပတ်ပြောနေတာ မျိုးဟာ မသင့်တော်ပါဘူး။

“အမေရိကန်တပ်ကြီးတွေ – ကုလတပ်ကြီး ပင်လယ်ပြင်ပဲ လာတော့မှာလိုလို – ဝေဟင်ကပဲ လာတော့မှာလိုလို ပြောစကားတွေ”ဟာ ဖြတ်သန်းသွားတဲ့ ဒီ ၂နှစ်တာ ကာလလက်တွေ့ထဲမှာ ဒီလို အပြောအဆိုတွေဟာ ယုံတမ်းစကား အလိမ်အညာစကားတွေသာဖြစ်တယ်လို့ ပြည်သူတွေရော၊ PDF တပ်မှူးတပ်သားတွေပါ ကောင်းစွာ သဘောပေါက် သွားကြပြီ မဟုတ်ပါလား။

ယာယီသမ္မတကြီးရဲ့ ခုခံတွန်းလှန်စစ် ၂နှစ်ပြည့် မိန့်ခွန်းထဲမှာတော့ အမေရိကန် (NDAA) အကူအညီကိစ္စကို လည်း မဝံ့မရဲဟန်နဲ့ ထည့်ပြောသွားတာကိုလည်း သတိပြုမိပါတယ်။

နိဂုံးချုပ်ရရင် အခုလို ၂နှစ်ပြည့်လာတဲ့အထိ ခုခံတွန်းလှန်စစ်ကို ဇွဲလုံ့လနဲ့ ဖြတ်သန်းဆင်နွှဲနေကြတဲ့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)နဲ့ PDF တပ်မှူးတပ်သားတွေကို လေးစားပါတယ်။ ၂နှစ်တာအတွေ့အကြုံများကို စုစည်း ပြီး ပိုမို ကောင်းမွန်သော ခြေလှမ်းသစ်များနဲ့ အောင်မြင်မှုသစ်များသို့ တက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပါတယ်။