Home သတင်း မုန်းမြို့နယ်ရှိ ကျေးရွာများ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

မုန်းမြို့နယ်ရှိ ကျေးရွာများ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

1267
Photo: KPSN

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသော ငထွေစုတ်ကျေးရွာနှင့် အနီးရှိကျေးရွာများ ယနေ့နံနက်ပိုင်းကလည်း ထပ်မံ၍ လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မုန်းမြို့နယ် ကရင်၊ ဗမာ မျက်ရဲကျေးရွာနှင့် ငထွေစုတ်ရွာသို့ ပြီးခဲ့သည့် စက်တင် ဘာလ(၃)ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်စဥ် ငထွေ စုပ်ရွာမှ ဒေသခံတစ်ဦးသေဆုံး၍ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးကာ ငထွေစုတ်ရွာအပါအဝင် အနီးရှိကျေးရွာများမှ ဒေသခံများ ဘေးလွတ် ရာတွင် ယနေ့အချိန်ထိ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ထိုစစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာယူရန် ရွာရှိနေအိမ်များသို့ ခေတ္တပြန် နေသည့်အချိန်တွင် ငထွေစုတ်ရွာနှင့်အနီးတစ်ဝိုက်သို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ထပ်မံလုပ်ဆောင်ခဲ့သဖြင့် ထိခိုက်မှုရှိနေနိုင်သည်ဟု မုန်းမြို့ခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“ငထွေစုတ်တကြောက ရွာတွေတော်တော်များများ ပထမတစ်ခေါက်ဖြစ်ကတည်းက ပြေးကြတာ လေယာဥ်လာပစ်တာရော လက်နက်ကြီးတွေပါထုနေတော့ ဒီရက်ပိုင်းမှာ ရွာပြန်နေတဲ့သူမရှိဘူး။ ဒါပေမဲ့ ဒီနေ့မနက်ပဲ ငထွေစုတ်ရွာကလူတွေဆန်တို့ ဆီတို့ ပြန်ယူကြတာရှိတယ်။ လေယာဥ်လာပစ်တုန်းပဲ ဘယ်သူတွေ ဘယ်လိုထိခိုက်သွားလဲ‌ မသိရသေးဘူး။ ထိခိုက်တော့မှုရှိနိုင်တယ်။ ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဩဂုတ်လ(၃၁)ရက်နေ့က သစ်ချဆိပ်စခန်းတိုက်ပွဲပြီးနောက်တွင် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများအား လေကြောင်းဖြင့် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သလို ယခုလိုတိုက်ခိုက်ခံရမှုသည်လည်း တိုက်ပွဲဖြစ် ပွားခြင်း မရှိဘဲ အကြောင်းမဲ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း “လေယာဥ်တစ်စီးထဲနဲ့လာကြဲတာ ဗုံးကြဲချတာလည်းပါတယ်။ စက်သေနတ်လည်း ပါတယ်နဲ့တူတယ်။ စက်သေ နတ်ပစ်သံလိုလို အသံတွေလည်း ကြားရတယ်။ လေယာဥ် သံကြားကတည်းက ကျနော့် တူမတစ်ယောက်ကို လှမ်းပြောလိုက်သေးတယ်။ လုံခြုံတဲ့နေရာရောက်ကြရဲ့ လားမသိဘူး။ ခုမနက်လေးတင်ဖြစ်တာလေ ထိတာ ခိုက်တာတော့ မသိရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ယခုရက်ပိုင်းအတွင်း မျက်ရဲကျေးရွာလမ်းဆုံမှ ငထွေစုတ်ရွာသို့ လာရာ လမ်းတစ်လျှောက်သို့ တပ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများ ထပ်မံရှိလာနိုင်မည့်အရေး စိုးရိမ်ပူ ပန်နေရကြောင်း ဒေသခံများကလည်း ပြောဆိုထားကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီး ဆယ်လုံး ထက်မနည်းသည် အဆိုပါငထွေစုတ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များမှ စစ်ကောင်စီ၏ သစ်ချဆိပ်စခန်းအား တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲရက်များတွင် လေကြောင်း ပစ်ကူမှုနှင့်လက်နက်ကြီးရန်များကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း(၂၆)ရွာမှ လူထုများထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေး ရှောင်ဦးရေသည်လည်း ၂ သိန်းကျော်ရှိလာခဲ့ကြောင်း ကေအဲန်ယူနှင့် ကရင်လူ့ အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။