စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် စစ်ရှောင်များနေထိုင်ရာရပ်ကွက်များတွင် ဧည့်စာရင်းမတိုင်ကြားထားသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေအိမ်အတွင်းသို့ ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လအတွင်းက စစ်ရှောင်အများစု နေထိုင်ရာရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်း ထားဝယ်မြို့ပေါ်ရှိ ကျန်ရပ်ကွက်များတွင် ယမန်နေ့ညမှ စတင်ကာ နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာကြောင်း အမည်မဖော်လိုသူ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “မနေ့ညက ဖမ်းခံထိသွားတာ ဆယ်ယောက်ကျော်တယ်။ ဧည့်စာရင်း ဝင်စစ်တာနဲ့ ဖမ်းခံထိသွားတယ်။ ရပ်ကွက်ထဲမှာက ရွာဘက်မှာတိုက်ပွဲဖြစ်လို့ လာတက်နေကြတဲ့သူတွေများတယ်။ အဲ့တော့ ဧည့်စာရင်း မတိုင် တော့ စစ်တပ်ကဝင်စစ်တော့ ဖမ်းခံမိသွားတယ်။ ခါတိုင်းက စစ်ရှောင်တော်တော် များများနေတဲ့ နေရာမှာပဲ ဝင်စစ်တာကို။ အခုရက်ပိုင်းမှ ရပ်ကွက်တွေကို ပြန်ပြီးစစ်လာတာ။” ဟု ကေအိုင်စီ သို့ပြောသည်။
ယခုလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရှိရပ်ကွက်များတွင် ညအချိန်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ် နေ သော်လည်း မြို့ပေါ်ရှိ ကာရာအိုကေ နှင့် KTV များကိုမူ နံနက်မိုးလင်းချိန်အထိ ဖွင့်လှစ်ခွင့်ပြုထားသော ကြောင့် ဒေသခံများကြား ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။
ထို့အပြင် ဩဂုတ်လ ၃၁ ရက်နေ့ ညနေ ၅နာရီအချိန်ဝန်းကျင်ခန့်ကလည်း ထားဝယ်မြို့အဝင်ရှိ ထားဝယ်-မြိတ် ကားလမ်းမကြီးအနီး ပေါက်တိုင်းတံတားတွင် ပေါက်ကွဲသံများနှင့်အတူ ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီးသည့်နောက် ၎င်းတံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပိတ်လိုက်ကာ နှစ်ဖက်ယာဉ်အများအပြား ယနေ့အချိန်ထိ ပိတ်မိနေကြောင်း ထားဝယ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ညနေဘက်လောက်က အသံကြားရတာ။ ပြီးတော့ ကားတွေပေးမသွားတော့ အများကြီးပိတ်မိနေတယ်။ အဲ့ဒီအဝင်အထွက်နေရာတွေက စစ်ဆေးရေး တအားလုပ်တာ။ ပျူတွေရော၊ စစ်တပ်တွေရော ဂိတ်ချပြီး ငွေ ကောက်ခံတာတွေ လုပ်နေတာ။” ဟု ကေအိုင်စီ သို့ပြောသည်။
ထားဝယ်မြို့အဝင်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စုစုပေါင်း ၄ ခုချထားပြီး အစစ်အဆေးတင်းကြပ်မှုများ အပြင် ဒေသခံကားသမားများထံမှ မတရားငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသောကြောင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၎င်းစစ်ဆေးရေးဂိတ်များကို ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုများပြု လုပ်လျက်ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။