Home တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက် CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မေးမြန်းချက်

ကျန်းမာရေးဝန်ကြီးဌာနလက်အောက် CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မေးမြန်းချက်

677

ကျန်းမာရေးဝန်ကြီးဌာနလက်အောက် CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မေးမြန်းချက်

“လက်ရှိရထားတဲ့ နေရာကနေ ဖယ်ပေးလိုက်ရမှာ လစာမဲ့ဖြစ်မှာ အလုပ် လက်မဲ့ ဖြစ်မှာ ကြောက်တာကြောင့် CDM မလုပ်ကြတဲ့သူတွေကို ပြောချင်တာကတော့ နေရာပျောက်မှာကြောက်လို့ CDM မလုပ်ခဲ့ကြမှတော့ စစ်တပ်အုပ်ချုပ်တဲ့ ပုံစံအတိုင်းပဲ သွားနေရမှာပါပဲလို့ပါ” CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး

စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများအနက် အား အကောင်း ဆုံး လူထုလှုပ်ရှားမှု တစ်ခုဖြစ်သည့် အကြမ်းမဖက် အာဏာဖီ ဆန်ရေးပြည်သူ့ လှုပ်ရှားမှု (CDM) တွင် ယနေ့ထက်ထိတိုင် ကြံ့ကြံ့ခံ ပါဝင်တော်လှန်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများစွာ ရှိနေပါသည်။

ထိုသူများထဲတွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့ သည့် CDM အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံပြီး သူမ၏ ရပ်တည်ချက်၊ အမြင် သဘော ထားနှင့် အခက်အခဲ၊ စိန်ခေါ်မှုများ အပါအဝင် အနာဂတ်ဖက် ဒရယ်ပြည် ထောင်စုတွင် တာဝန်ပြန်လည်ထမ်းဆောင်မည့်ဆိုသည့် ဝန်ထမ်းတစ်ဦး အနေဖြင့် မျှော်မှန်းချက်များကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ CDM ပြုလုပ်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ။ ။ CDM ပြုလုပ်ဖြစ်တာကတော့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံနိုင်လို့၊ အလိုမရှိလို့ CDM လုပ်ခဲ့တာပါ။

မေး။ ။ စစ်အာဏာသိမ်းသက်တမ်း ၂ နှစ်ကျော် ကာလအတွင်း CDM လုပ်လို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ပြောပေးပါ။
ဖြေ။ ။ စိန်ခေါ်မှုတွေ အများကြီးရှိတာပေါ့၊ အဓိကက အလုပ်မရှိတော့တာ။ အရင်အ လုပ်ရှိတုန်းက တစ်နေ့တာလည်ပတ် သွားလာလှုပ်ရှားနေလို့ရတယ်။ အခုတော့ အဲ့လိုမရှိတော့ဘူး။ ပြီးတော့ CDM တွေကို စစ်တပ်က လိုက်ဖမ်းနေတဲ့အချိန်ဆိုတော့ ကိုယ့်မှာဟိုနေရာမှာနေ ဒီနေရာမှာနေ နေခဲ့ရတယ်။ ပြီးတော့မှ လွတ်မြောက် နယ်မြေ ရောက်လာတယ်။ မိသားစုနဲ့ တကွဲတပြားတော့ဖြစ်သွားတာပေါ့။ ဒီရောက် တော့လည်း အလုပ်မရှိတော့ ဝင်ငွေမရှိဘူး။ စားဝတ်နေရေးကအစ အရမ်းအခက် အခဲဖြစ်တယ်။ အရင်တုန်းက ဝန်ထမ်း အိမ်ယာမှာနေတော့ နေဖို့ဆိုတာ မပူရဘူး။ အခုက နေဖို့နေရာ မရှိတော့ အိမ်ငှားခတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်ခဲ့ရတယ်။

မေး။ ။ CDM ဝန်ထမ်းတွေ CDM လုပ်ပြီး အခြားပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ် လျှောက်တဲ့အခါ အလုပ်ခန့်အပ်ခြင်း မခံရတာတွေ၊ အရင်လုပ်ငန်းခွင်နဲ့မတူ နှိမ်ချဆက်ဆံခံရတာမျိုး ရှိတယ်လို့ ကြားရတယ်၊ ဒီအပေါ် ဘယ်လိုထင်မြင်ပါလဲ။
ဖြေ။ ။ ကျမရဲ့မိတ်ဆွေ CDM ဝန်ထမ်းတချို့ကတော့ အစိုးရအလုပ်က ထွက်ပြီး ပုဂ္ဂလိကအလုပ် ပြန်လျှောက်ကြတာရှိတယ်။ သူတို့သွားလျှောက်တဲ့အခါ CDM ဖြစ်နေလို့ ဆိုပြီး လုပ်ငန်းရှင်တွေက အလုပ် မခန့်ချင်ကြဘူး။ ပြောတော့ စစ်အာ ဏာသိမ်းတာကို လက်မခံဘူး ရုန်းမတက်နဲ့ ရုန်းထွက်ကြပါဆိုပြီး လှုံ့ဆော်ခဲ့ပြီး တော့၊ တကယ့်တကယ် CDM လုပ်ခဲ့ပြီး အပြင်မှာစားဝတ်နေရေးအတွက် အလုပ်ပြန်လျှောက်တော့ လက်မခံချင်ကြဘူး။ အဲ့လိုကြားတော့ ရင်ထဲမှာ ခံစားရတယ်၊ CDM လုပ်တာ ဂုဏ်ယူစရာ မဟုတ်ဘူးလားဆိုပြီး တွေးမိပြန်တယ်။

မေး။ ။ လက်ရှိမှာလည်း Non CDM ဝန်ထမ်းတွေကို စစ်တပ်က စစ်သင်တန်းပေးပြီး တပ်သားစုဆောင်းရေးတွေ လုပ်နေတာတွေ ရှိနေတယ်လို့ သိရတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ စစ်တပ်လက်အောက်မှာ အလုပ်လုပ်နေသရွေ့ကတော့ သူတို့ခိုင်းတဲ့ အတိုင်းပဲ လုပ်ရမှာပဲလေ။ လက်ရှိရထားတဲ့ နေရာကနေ ဖယ်ပေးလိုက်ရမှာ လစာမဲ့ဖြစ်မှာ အလုပ်လက်မဲ့ဖြစ်မှာ ကြောက်တာကြောင့် CDM မလုပ်ကြတဲ့ သူတွေကို ပြောချင်တာကတော့ နေရာပျောက်မှာကြောက်လို့ CDM မလုပ်ခဲ့ကြ မှတော့ စစ်တပ်အုပ်ချုပ်တဲ့ ပုံစံအတိုင်းပဲ သွားနေရမှာပါပဲလို့ပါ။

မေး။ ။ အခုဆို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး တော်လှန်ရေးကလည်း ဆက်သွားနေတယ်၊ CDM တွေရဲ့ အနာဂတ်ကလည်း တော်လှန်ရေး အလားအလာ ကောင်းနဲ့ နိုင်ငံရေးအရွေ့ပေါ် မူတည်နေတယ်ဆိုတော့ CDM အဖြစ် စတင်လုပ်ဆောင်ခဲ့တဲ့အချိန် ခံယူချက်နဲ့ လက်ရှိခံယူချက် ကွာခြားမှု ဘယ်လိုရှိပါလဲ။
ဖြေ။ ။ စလုပ်တုန်းကတော့ တော်လှန်ရေးက ပြီးတော့မယ် မကြာတော့ဘူးဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။ အခုကတော့ တော်တော်လေးလည်း ကြာလာပြီ၊ ကြာလာပြီဆိုပေမယ့်လည်း မထူးတော့ဘူးလေ၊ ကိုယ်က ကိုယ့်ယုံကြည် ချက်အတိုင်း လုပ်ခဲ့ပြီးပြီပဲဆိုတော့ အဆုံးထိ သွားရမှာပဲ။ ဒါကြောင့်ပဲ အောင်မြင်တာကိုပဲ လိုချင်ပါတယ်။

မေး။ ။ စစ်တပ်အုပ်ချုပ်မှုက ရုန်းထွက်ခဲ့တဲ့ CDM ဝန်ထမ်းတစ်ယောက်အနေနဲ့ မိမိတို့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အစိုးရသစ်လက်ထက်မှာ ဘယ်လို အပြောင်းအလဲကိုဖြစ်ဖို့ မျှော်လင့်ထားပါလဲ။
ဖြေ။ ။ အရင်တုန်းကဆို ဝန်ထမ်းတွေက သင်တန်းတွေတက်ချင်တယ်ဆိုရင် နေရာမအားလို့ ဆိုပြီး ပေးမတက်ဘူး၊ ရာထူးတွေ ဖြေတဲ့အခါကျရင်လည်း လူကြီးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိတဲ့သူကိုပဲ ပေးတယ်။ စာတွေ့ လက်တွေ့အ မှတ်နဲ့ခွဲတယ် ဆိုပေမယ့်လည်း အဲ့အခါကျရင် အမှတ်က မရှိတော့ဘူး။ ဒါတွေ ပပျောက်ဖို့နဲ့ အထက်ပိုင်းမှ မဟုတ်ဘူး ဟိုးအောက်ခြေက ဝန်ထမ်းအထိ လုပ်ရည် ကိုင်ရည်နဲ့ တက်လမ်းရှိရင် ပညာတော်သင် စေလွှတ်ပေးဖို့၊ နိုင်ငံဝန်ထမ်းတွေရဲ့ သားသမီးတွေရဲ့ ပညာရေး အဆင့်အတန်းကိုလည်း မြှင့်တင်ပေးစေချင်တယ်။

နောက်ပြီး ဝန်ထမ်းတွေက လုပ်သက်သာ နှစ်ဆယ်နဲ့ချီ ကြာလာတယ် အိမ်ပိုင်ဆိုတာ မရှိဘူး။ ဝန်ထမ်းအိမ်ရာ ဆိုတာလည်း အချိန်တန်ရင် ဖယ်ပေးရမှာလေ၊ အစိုးရကပေးတဲ့ ပင်စင်လစာနဲ့ ပင်စင်ယူပြီး အိမ်ဝယ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး။ အိမ်ငှားဘဝနဲ့ စားဝတ်နေရေးနဲ့က ပင်စင်လစာနဲ့ လုံလောက်မှု မရှိဘူး။ ဒီအတွက် တန်ဖိုးနည်းအိမ်လိုမျိုးကို အရစ်ကျနဲ့ လုပ်ပေးတာမျိုးတို့ ဖြစ်စေချင်တယ်။ အရင်အစိုးရ လက်ထက်မှာ ဝန်ထမ်းတွေကို တန်ဖိုးနည်းအိမ်ရာတွေ ပေးမယ်ဆိုပြီး စာရင်းကောက်သာကောက်သွားတယ်။ ဘာမှ အကောင်အထည် မဖော်လိုက်ဘူး၊ အဓိကနေရေးပေါ့နော်၊ အဲ့ဒါတွေအတွက် ပိုကောင်းလာဖို့ မျှော်လင့်တယ်။