စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အသွင်ဆောင်ပြီး စစ်ဆေးရေးဂိတ်များချကာ ဖြတ်သန်း သွားလာသူများထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ်ရှိ အောက်သရက်ချောင်းကျေးရွာအပါအဝင် ၎င်းအနီးရှိ ကျေးရွာများဘက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အသွင်ဆောင်ကာ လမ်းပိုင်းအတွင်း ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ကျမရဲ့အမေလည်း အဲ့ဒီတောလမ်းမှာ ဖမ်းခံထိတယ်။ ပြောတော့ PDF ဖမ်းတာဆိုပြီး။ သိန်း ၃၀၀ ကနေတောင်းတာ။ အခု သိန်း ၁၅၀ထိ ဖြစ်သွားတယ်။ အစ်မက သိန်း၅၀ ပြောတာတောင် မရဘူးတဲ့။ သူတို့က ငွေညှစ်တာလွန်တယ်။ PDFက အခုလိုတောင်းတာ တစ်ခါမှ မကြားဖူးဘူး။ အဲ့ဒါကြောင့် ပိုပြီးတော့ စိတ်ပူရတယ်။ ကားသမား ၂ ယောက်ပဲ လွတ်လာသေးတယ် အခုထိ။ သူတို့က ဂိတ်တွေ ချပြီးတော့ သွားတဲ့လူတိုင်းကို ကြိုက်သလို တောင်းနေကြတာ။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ငွေညှစ်တောင်းခံမှုများကို ပြုလုပ်နေသည့်အပြင် သရက် ချောင်း မြို့နယ် ရဲစခန်းအရှေ့တွင်လည်း စစ်ဆေးရေးဂိတ်ချကာ နံနက် ၆ နာရီမှ စတင်ကာ ဖြတ်သန်း သွား လာသည့် ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသောကြောင့် အချိန်နှောင့်နှေး ကြန့်ကြာ မှုများအပြင် သွားလာရေးအခက်အခဲများနှင့် မကြာခဏ ကြုံတွေ့နေရကြောင်း အဆိုပါ ဒေသခံ က ဆက်ပြောသည်။
ယခုလို စစ်ကောင်စီမှစစ်ဆေးရေးဂိတ်ချ စစ်ဆေးဖမ်းဆီးငွေညှစ်ခြိမ်းခြောက်မှုများ နှင့်ပတ်သက်ပြီး အသွားအလာဂရုစိုက်ကြရန်နှင့် စစ်တပ်နှင့်သက်ဆိုင်သည့်နေရာများနှင့် ဝေးသောနေရာများတွင် နေထိုင်ကြရန် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလို သတိပေးပြောဆိုသည်။
၎င်းက “အခုချိန်မှာ စစ်တပ်က PDF ပုံစံလုပ်ပြီး ငွေတောင်းတာတွေလုပ်နေတာက နေရာတိုင်းမှာရှိနေ တယ်။ အဲ့ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့။ သွားလာရေးဂရုစိုက်ကြဖို့ အသိ ပေးလိုပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းဖြစ်စဉ်နှင့်အလားတူ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ပုလောမြို့နယ်ရှိ တံတားဂိတ်နှင့် စစ်ဆေး ရေး ဂိတ်များတွင်လည်း ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အသွင်ဆောင်ကာ အရပ်ဝတ်များဖြင့် အသွင်ယူစစ်ဆေးတင်းကြပ်မှုများ အပြင် ငွေညှစ်တောင်းခံမှုများကိုပါ ယနေ့ချိန်ထိ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့သူ ဒေသခံများ၏ ပြောဆို ချက်များအရ သိရသည်။