Home ဆောင်းပါး ငှက်ဖျားရောဂါ(Malaria) ကာကွယ်၊ကုသစရာ

ငှက်ဖျားရောဂါ(Malaria) ကာကွယ်၊ကုသစရာ

1108

ငှက်ဖျားရောဂါ(Malaria) ကာကွယ်၊ကုသစရာ

ရောင်နီ

စက်တင်ဘာ ၁၀ရက်၊ ၂၀၂၃။

ငှက်ဖျားဆိုတာက အဖျားကြီးပြီး ချမ်းတုန်လာတဲ့ ပြင်းထန်သောရောဂါတစ်မျိုး ဖြစ်ပါတယ်။
ရောဂါပိုးသယ်ဆောင်ထားတဲ့ Anopheles အမျိုးအစား ခြင်ကိုက်ခံရတာကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံထားရတဲ့ ခြင်တွေက Plasmodium ပိုးတွေကို သယ်ဆောင်ထားတာဖြစ်ပါတယ်။ ရောဂါပိုး သယ်ဆောင်ထားတဲ့ခြင်က လူကို ကိုက်လိုက်တဲ့အခါ ရောဂါပိုးက သွေးကြောတွေထဲကို ရောက်ရှိသွားပါတယ်။ ပလက်စမိုးဒီယမ် ကပ်ပါး အမျိုးအစားအများကြီးထဲမှ ငါးမျိုးသာလျှင် လူကို ငှက်ဖျားဖြစ်စေပါတယ်။

ပိုးတွေက ခန္ဓာကိုယ်ထဲရောက်ရှိသွားတဲ့အခါ အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာ ရှင်သန်ကြီးထွားတာ ဖြစ်ပါ တယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ပိုးတွေက သွေးကြောထဲရောက်ရှိသွားပြီး သွေးနီဥဆဲလ်တွေဆီကို စတင်ကူး စက်ပါတယ်။ သွေးနီဥဆဲလ်ထဲ ရောက်ရှိသွားပြီးနောက် ၄၈နာရီကနေ ၇၂နာရီအတွင်း ပေါက်ပွားလာပြီး ဆဲလ်တွေဆီ ကို ကူးစက်သွားပါတယ်။

ငှက်ဖျားပိုးတွေက သွေးနီဥဆဲလ်တွေထဲမှာ ဆက်လက်ပြန့်နှံ့နေပြီး ၂ရက် (သို့) ၃ ရက်အကြာမှာမှ ရောဂါလက္ခဏာ တွေ စပြီး ပေါ်လာပါတယ်။ ငှက်ဖျားဖြစ်လာပြီဆိုရင် ချမ်းတုန်ဖျားခြင်းကို ခဏခဏ ခံစားရမည်ဖြစ်ပြီး ၂ရက်၊ ၃ရက် မှာတစ်ခါ အဖျားက တက်လိုက်၊ ပြန်ကျလိုက် ပြန်ဖျားလိုက် ဖြစ်နေတတ်ပါတယ်။

Malaria (ငှက်ဖျား) ရောဂါရဲ့ ရောဂါလက္ခဏာတွေက
• ချမ်းတုန်မယ်
• ဖျားမယ်
• ချွေးအလွန်ထွက်မယ်
• ခေါင်းကိုက်မယ်
• အန်မယ်၊ ပျို့ချင်သလိုဖြစ်မယ်
• ဝမ်းလျှောမယ်
• သွေးအားနည်းမယ်
• ကြွက်သားနာမယ်
• တက်မယ်
• ကိုမာဝင်တတ်တယ် (ကိုမာ-ကာလရှည်ကြာ အိပ်စက်ခြင်း)
• သွေးဝမ်းသွားခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

ငှက်ဖျားရောဂါရဲ့ ရောဂါလက္ခဏာတွေကို သာမန်ငှက်ဖျားရောဂါ (uncomplicated malaria)နဲ့ ပြင်းထန်တဲ့ ငှက်ဖျား ရောဂါ (severe mlaria) ဆိုပြီး ၂မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။

သာမန်ငှက်ဖျားရောဂါကို ရောဂါလက္ခဏာပေါ်လာတဲ့အချိန်မှသာ သိရှိနိုင်ပါတယ်။ ပြင်းထန်ပြီး ကိုယ်တွင်းအင်္ဂါ ထိခိုက်တာမျိုးတွေတော့ မရှိပါဘူး။

အပြင်းစားငှက်ဖျားရောဂါကို ဆေးခန်းတွေမှာ ဓါတ်ခွဲစမ်းသပ်မှုတွေလုပ်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနေ တာမျိုးတွေကနေ ရောဂါခံစားနေရတာကို တွေ့ရှိရပါတယ်။

ငှက်ဖျားမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
• ငှက်ဖျားကာကွယ်နိုင်တဲ့ ဆေးဝါးတွေရှိနေပြီမို့ ကာကွယ်ဆေးကို ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်သုံးနိုင်ပါ တယ်။
• ငှက်ဖျားရောဂါပိုးရှိတဲ့ နေရာဒေသတွေကို သွားရောက်တာပဲဖြစ်ဖြစ်၊ နေထိုင်တာပဲဖြစ်ဖြစ် အဲဒီနေရာဒေသရဲ့ အခြေအနေကို သိထားဖို့ လိုအပ်ပါတယ်။ တစ်နေရာနဲ့တစ်နေရာ ရောဂါကူးစက်မှုပုံစံချင်းက မတူညီနိုင်တာကြောင့် အခြေအနေကို ကြိုတင်သိထားရပါမယ်။
• ညနေစောင်းနှင့် ညအခါများတွင် အနော်ဖလိခြင်အမ ကိုက်ရာမှ ကူးစက်ခြင်းဖြစ်သည်။ ခြင်ကိုက်မခံရအောင် ခြင်ထောင်နဲ့အိပ်ပါ။
• ရေဝပ်တဲ့နေရာတွေကို ရှင်းလင်းပါ။
• ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပါ။ DEET ပါတဲ့ ခြင်နိုင်ဆေး လိမ်းပေး ခြင်းဖြင့် အသုံးပြုပေးပါ။ DEET ပါတဲ့ ခြင်ဆေးတွေက ငှက်ဖျားကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။ NGO တွေ၊ တခြားလူမှုအဖွဲ့အစည်းတွေအနေနဲ့ ယခုနောက်ပိုင်း ဆေးစိမ်ခြင်ထောင်တွေ ကူညီထောက်ပံ့လာကြတော့ ဆေးစိမ်ခြင် ထောင်နဲ့ အိပ်စက်ခြင်းဖြင့် ငှက်ဖျားကို ကာကွယ်ပါ။

ငှက်ဖျားရောဂါ ကုသနည်း
• ငှက်ဖျားဖြစ်နေတဲ့လူနာကို ချမ်းတုန်ပြီး အဖျားတက်နေတဲ့အချိန် သွေးစစ်မှသာ ငှက်ဖျားပိုးရှိကြောင်း ပေါ်ပါတယ်။ တခြားအချိန်တွေမှာ သွေးစစ်ကြည့်ရင် မပေါ်နိုင်တာကြောင့် ရိုးရိုးဖျားတာနဲ့ လွှဲတွေးတတ်ပါတယ်။

မိမိဟာ ငှက်ဖျားဖြစ်နေပြီ၊ ငှက်ဖျားရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိလာရင် ချမ်းတုန်ပြီး အဖျား တက်နေတဲ့အချိန် နီးစပ်ရာဆေးခန်း/ဆေးရုံမှာ ငှက်ဖျားပိုးစစ်ခြင်းကို ခံယူပေးပါ။

• ငှက်ဖျားရောဂါဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဆေးရုံ၊ ဆေးခန်းတွင်သာ ကုသ မှုအပြည့်ခံယူဖို့ တိုက်တွန်းချင်ပါတယ်။ မိမိကူးစက်ခံရတဲ့ ပိုးအမျိုးအစား၊ အသက်အရွယ်၊ ကိုယ်ဝန်ရှိမရှိ၊ ရောဂါအခံ ရှိမရှိပေါ်မူတည်ပြီး ဆရာဝန်က သောက်ရမယ့် ဆေးအမျိုးအစား၊ ခံနိုင်ရည်ရှိဖို့ ထပ်ပေါင်းထည့်ရမဲ့ဆေးများနှင့် မိမိကူး စက်ခံရတဲ့ ငှက်ဖျားပိုးအမျိုးအစားဟာ တချို့သောဆေးဝါးတွေကို ခံနိုင်ရည်ရှိနေရင် ဆေးအမျိုးအစား ပြောင်းပေး လိုက်တာမျိုး စတဲ့ တစ်ဦးချင်းအလိုက် လိုအပ်တဲ့ဆေးတွေကို စီစဉ်ညွှန်ကြားပေးမှာဖြစ်လို့ နေအိမ်တွင် မိမိဖာသာ ကြိတ်ပြီး ကုသနေတာမျိုး မလုပ်ဘဲ ဆေးရုံ၊ဆေးခန်းမှာ လိုအပ်တဲ့ ကုသမှုကို မဖြစ်မနေ ခံယူသင့်ပါကြောင်း တိုက် တွန်းချင်ပါတယ်။