Home သတင်း KNU ၏ တပ်မဟာ(၃)ခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲ ပြုလုပ်

KNU ၏ တပ်မဟာ(၃)ခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲ ပြုလုပ်

2020

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ ထိပ်ပိုင်းတပ်မှူးအချို့တွေ့ဆုံပွဲ၌ KNU တပ်မဟာ (၃) ခုရှိ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများအပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိပ်ပိုင်းတပ်မှူးများတွေ့ဆုံမှုတွင် ကေအဲန်ယူ တပ်မဟာ(၄) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးမူအစား ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ(၆)မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးအစား ဗိုလ်မှူးကြီး စောကို့ထူးနှင့် တပ်မဟာ(၇)မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒိုအစား ဗိုလ်မှူးကြီးစောဒိကွယ်ထူးတို့အား ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် တပ်မဟာ(၄)၏ ဗျူဟာမှူးနေရာတွင် တပ်ရင်း(၂၀၃)၏တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောလေးသိန်း၊ တပ်မဟာ(၆)တွင် တပ်ရင်း(၂၇)၏တပ်ရင်းမှူး ဗိုလ်မှူးကြီးရန်နိုင် (ခ)စောနယ်ဒါးထူးနှင့် တပ်မဟာ(၇)၏ ဗျူဟာမှူးနေရာတွင် တပ်ရင်း(၁၀၁)၏တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖိုးဒူတို့အား အသီးသီး ပြောင်းလဲခန့်ထားခဲ့သည်။

ထိုသို့ စစ်ရေးအရ အရေးပါသော တပ်မဟာမှူး၊ ဗျူဟာမှူးနေရာများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ KNLA ၏ ဗဟိုစစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာ မလာသောက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ပြောင်းလဲလိုက်တာပါပဲ။ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့တော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကလောက်ပဲ။ ဒါကလည်း ကွန်ဂရက်ရဲ့ သဘောထားနဲ့ သူတို့ကိုယ်တိုင်ရဲ့ ကျန်းမာရေး အခြေအနေ အရကြောင့် ပါပဲ။ အခြားအထွေအထူးကြောင့်တော့ မဟုတ်ပါဘူး။” ဟု ၎င်းက ပြောသည်။

တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နေရာအပြောင်းအလဲ သတ်မှတ်ရာတွင် ကရင်လက် နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော ကော်သူးလေအာမီ-KTLA နှင့် ပဋိပက္ခဖြစ်ပွားနေသည့် KNU တပ်မ ဟာ(၄)မှ တပ်မဟာမှူးနှင့် ဗျူဟာမှူးနေရာလည်း ပါဝင်လာသည့်အ‌ပေါ် KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ယခုလိုပြောသည်။

၎င်းက “KNLA က ယခင်တပ်မဟာမှူးကတော့ ဗဟိုမှာပြန်လုပ်မှာပါ ပဋိပက္ခတွေ အတွက်ကတော့ ဗဟိုရဲ့လမ်းညွှန်မှုကိုင်တွယ်ဖေးမမှုနဲ့ပဲ ဆက်သွားမှာပါ။ နောက်ပြီး အပြောင်းအလဲက ခေါင်းဆောင်တွေက အသက်တွေကြီးလာလို့ ငယ်တဲ့သူတွေကို နေရာပေးလိုက်တဲ့ သဘောပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၏အုပ်ချုပ်မှုအောက်တွင် စစ်ရေးနှင့်တိုက်ခိုက်ရေးဆောင်ရွက်နေသော KNLA သည် အခြားသောတော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်လျက်ရှိသလို KNU အုပ်ချုပ်မှုနယ်မြေ ပိုမို ထိန်းချုပ်နိုင်ရန်နှင့် စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်သိမ်းပိုက်ခြင်းတို့ကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ယခု တပ်ပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများကို ကြည့်ခြင်းအားဖြင့် ရှေးရိုးစွဲ များပယ်ပျောက်လာနိုင်ပြီး လူငယ်ခေါင်းဆောင်များနေရာရလာခြင်းတို့ကြောင့် ကောင်းမွန်သော အပြောင်းအလဲတစ်ရပ်ဖြစ်သည်ဟု KNU နှင့် နီးစပ်သူတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ကေအဲန်ယူက ကောင်းလာဖို့ပဲရှိတယ်။ ဆိုးလာဖို့မရှိတော့ဘူး။ ဒီအခင်းအကျင်းကတော့ ကောင်းပါတယ်။ ဘာဖြစ်လဲဆိုတော့ ညှိလို့၊ နှိုင်းလို့ရ တဲ့လူငယ်ခေါင်းဆောင်တွေဖြစ်တာပေါ့။ အရင်ကတော့ ရှေးရိုးစွဲတွေ သိပ်မရှိတော့ဘူးပေါ့။ အပြောင်းအလဲလုပ်တာက ၁ တစ်ချက်က သူတို့မနိုင်တော့ဘူး။ အိုနေပြီ။ ၂ တစ်ချက်ကတော့ သူတို့ရင်ဆိုင်ရမယ့် ကိစ္စတွေပေါ့။ အထူးသဖြင့် ကာစီနိုလိုကိစ္စတွေပေါ့။ အကွက်ရွှေ့လိုက်တဲ့သဘောပေါ့” ဟု ၎င်းက သုံးသပ်သည်။

ကေအဲန်ယူ၏ တပ်မဟာ(၇)ခုအနက် ကျန်ရှိ တပ်မဟာ(၁) တွင် တပ်မဟာမှူး ဗိုလ်မှူးချုပ်စောစိုးမြင့်ထွေး၊ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်မဟာ(၂)တွင် တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဩဂတ်စ်တီး၊ ဗျူဟာမှူး ဗိုလ်မှူးကြီး စောပေါ်လူ၊ တပ် မဟာ(၅)တွင် တပ်မဟာမှူး ဗိုလ်မှူးချူပ် စောဂီနွီးနှင့် ဗျူဟာမှူး ဗိုလ်မှူး ကြီးစောမော်ဒဲတို့က ရာထူးအပြောင်းအလဲမရှိဘဲ လက်ရှိနေရာတွင် အသီးသီး တာဝန်ယူဆောင်ရွက်လျက်ရှိသည်။