ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ
စောအိုရီယံ
မင်းလည်းကရင်
ငါလည်းကရင်
မင်းလည်း တစ်ကျပ်လိုချင်တယ်
ငါလည်း တစ်ကျပ်လိုချင်တယ်
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ငါတို့က အမျိုးသားရေးအတွက်
ရန်သူကို သေနတ်ကိုင်ပြီးတိုက်တယ်
မင်းက အမျိုးသားရေးအတွက်ဆိုပြီး
ရန်သူနဲ့ ခွက်ချင်းတိုက်တယ်
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ကရင်သွေးတွေ စွန်းတဲ့ငွေနဲ့
မင်းကျင်းပတဲ့လက်ချည်ပွဲဟာ
စည်ကားလိုက်ပုံများ
တကယ်ရော ငါတို့လိပ်ပြာ ပြန်လာနိုင်ပါ့မလား
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ငါတို့မှာတော့ ဗုံးသံ ကျည်ဆံတွေကြောင့်
လိပ်ပြာ ခဏခဏ ခေါ်ဖြစ်တယ်
ပွဲနဲ့ မလုပ်ဖြစ်ပေမယ့်
ငါတို့လက်မှာရော ငါတို့လိပ်ပြာမှာပါ
ချည်ဖြူဟာ အမြဲစည်းနှောင်ထားတယ်
စကောကို ယောက်မနဲ့ ခေါက်ရင်း ငါတို့ဆုတောင်းခဲ့တာက
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
Animal Farm ဝတ္ထုထဲက ဝက်တွေလို
မင်းက မျက်နှာပြောင်တိုက်နေတတ်ပေမယ့်
ငါတို့က မင်းအော်ခိုင်းတိုင်းအော်နေမယ့်
သိုးတွေမဟုတ်
ငါတို့လိုချင်တာ လူတိုင်းအတွက် တစ်ကျပ်
ကရင်တစ်ကျပ် ကရင်တစ်ကျပ် ချက်ချင်းပြ။
ဟေ့
မျိုးချစ်မျိုးချစ် အော်ပြီး
အမြစ်ကို ချိုးခဲ့ကြသူတွေ ……..
တကယ်က မင်းမှာ တစ်ကျပ်တောင်မရှိ
အမျိုးသားရေးကို ပြားကိုးဆယ်နဲ့
မင်း ရောင်းပြီးကတည်းက
ပြားကိုးဆယ်ကိုတစ်ကျပ်မှတ်
အဟုတ်ကြီးကို မင်း “မ” နေခဲ့တာ။
အေး ငါတို့ကတော့
အမျိုးသား လွတ်မြောက်ရေးဟာ
စျေးမစစ်ကြေးပဲ
ရရင်ရ မရရင် တစ်ပြားမှမယူဘူး
ငါတို့လိုအပ်တာ
ကရင်တစ်ကျပ် ဗမာတစ်ကျပ်
ကရင်တစ်ကျပ် ကရင်တစ်ကျပ်
လူတိုင်းအတွက် တစ်ကျပ် ချက်ချင်းပြ။ ။
စောအိုရီယံ