Home ဆောင်းပါး သတိထား ကြိုတင်ကာကွယ်စရာ သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)

သတိထား ကြိုတင်ကာကွယ်စရာ သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)

2085

သတိထား ကြိုတင်ကာကွယ်စရာ သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)

ရောင်နီ

(ဩဂုတ် ၃ရက်၊ ၂၀၂၃)

မိုးရာသီမှာ ခြင်ပေါက်ဖွားမှုများလာတာနဲ့အမျှ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလည်း များလာပါတယ်။ အသက်အရွယ်မ ရွေး ဖြစ်ပွားနိုင်ပြီး ကလေးတွေမှာ အဖြစ်များလှတဲ့ ဒီရောဂါဟာ ပြင်းထန်အဆင့်ထိရောက်ရင် အသက်အန္တရာယ်ရှိလို့ သတိထားရမဲ့ရောဂါ ဖြစ်ပါတယ်။

တခါတရံ ပြင်းထန်တဲ့ အဆစ်နဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပွားစေပြီး အရိုးကျိုးသလို ခံစားရတာမို့ break bone fever လို့လည်း ခေါ်ပါတယ်။

သွေးလွန်တုပ်ကွေးဟာ ဗိုင်းရပ်စ် ၄မျိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပြီး ရောဂါပိုးသယ်ဆောင်ထားတဲ့ Aedes aegypti or Aedes albopictus အုပ်စု ခြင်ကျားအမျိုးအစားကနေတဆင့် ကူးစက်ခြင်းဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့လူကို ကိုက်ထားတဲ့ခြင်ဟာ တခြားလူတစ်ယောက်ကို ထပ်ကိုက်လိုက်တယ်ဆိုရင် အဲဒီလူက သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရပါတယ်။

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး (၄)ရက်ကနေ (၇)ရက်အတွင်းမှာ အောက်ပါ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

– ကိုယ်ပူ အဖျားကြီးခြင်း
– အော့အန်ခြင်း၊ ကော်ဖီရောင် အန်ခြင်း
– အရေပြားပေါ် အပိန့်ထွက်ခြင်း
– ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
– ကိုယ်လက်ကိုက်ခဲခြင်း
– သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စမ်းသပ်လျှင် (Hess Test) အစက်အပျောက်များစွာ ထွက်လာခြင်း
– နှာခေါင်း၊ သွားဖုံး၊အရေပြားအောက် သွေးယိုပြီး ခရမ်းရောင် အညိုအမည်းစွဲခြင်း
– သွေးဖြူဥနည်းခြင်းတို့ ခံစားရနိုင်ပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ ဆေးခန်းပြပြီး ဆရာဝန်ရဲ့ ညွှန်ကြားမှုအတိုင်း ကုသမှု ခံယူရပါမယ်။

ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးဖြစ်လာရင်တော့ အောက်ပါလက္ခဏာတွေကို ထပ်မံ တွေ့ရှိရတတ်ပါတယ်။
– ဝမ်းဗိုက်နာခြင်း၊ ဖိလျှင် နာခြင်း
– ဆက်တိုက်အန်ခြင်း (သာမန် အန်သလိုမဟုတ်ဘဲ ဆက်တိုက် ပြင်းပြင်းထန်ထန် အန်လာခြင်း)
– အသည်း ၂စင်တီမီတာ ပိုကြီးလာခြင်း
– မှိန်းနေခြင်း (သို့) ကယောင်ကတမ်း ဖြစ်လာခြင်း
– သွေးဖြူဥကျဆင်းကာ သွေးပျစ်နှုန်း (PVC)တက်လာခြင်းတို့ ဖြစ်လာပြီးဆို ဆေးရုံတက်ရောက်ကုသဖို့ လိုအပ်ပါ တယ်။

သွေးလွန်တုပ်ကွေး ဟုတ်မဟုတ်သိဖို့ သွေးစစ်ကြည့်ရပါတယ်။ လက်ထိပ်ကနေ အနည်းငယ် သွေးဖောက်ပြီး သွေးလွန် တုပ်ကွေးစစ်တဲ့ စက်ကိရိယာလေးထဲ ထည့်စစ်ကြည့်ရပါတယ်။ တုပ်ကွေးလက္ခဏာ ခံစားရပြီး သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် သိရဖို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတို့မှာ စစ်ဆေးကြည့်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက ဘယ်လိုကူးစက်ခံရနိုင်သလဲနဲ့ ဘယ်လိုဆေးကုသမှုတွေ ခံယူရမလဲဆိုတာကို ကေအဲန်ယူ ရဲ့ ခရိုင်အဆင့် ကျန်းမာရေးမှူးတစ်ဦးဖြစ်တဲ့ ဆရာစောဂေကော်ထူးက ယခုလို ဖြေကြားထားပါတယ်။

“သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနိုင်တာက သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်က လူတစ် ယောက်ယောက် သွားကိုက်မိရင် ကူးစက်နိုင်တယ်။ အဲဒီလိုပဲ အခြားခြင်တစ်ကောင်ကလည်း အဲဒီလူကိုသွားပြီးကိုက်မိ ရင် အဲဒီရောဂါပိုးကို ထပ်မံသယ်ဆောင်သွားပြန်တယ်။ အဲဒါကြောင့် လူကနေ ခြင်၊ ခြင်ကနေ လူ။ ဒီရောဂါပိုးကို (Circle) စက်ဝန်းတစ်ခုလို သယ်ဆောင်သွားတာဖြစ်ပါတယ်။ ကူးစက်မှုကတော့ လူကနေ တစ်ဆင့်ဖြစ်ပါတယ်။”

မိမိကိုယ်ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေတယ်ဆိုရင် လူများသောနေရာတွေဖြစ်တဲ့ ဘုရားကျောင်း၊ အစည်းအဝေး နေရာ၊ စာသင်ကျောင်းတွေကို မသွားသင့်ပါဘူး။ ကြိုတင်ကာကွယ်နိုင်ဖို့အတွက်က နှာခေါင်းစည်း(Mask)တွေကို အသုံးပြုသင့်ပါတယ်။ ရပ်ရွာတွေမှာဆို လက်ကို ဆပ်ပြာနဲ့ ဆေးကြောတာပဲ အသုံးများကြပါတယ်။ အချို့နေရာတွေမှာ Handgel တွေရှိမယ်။ အချို့တွေကျတော့ Hand Gel မရှိတဲ့အတွက် ဆပ်ပြာနဲ့ လက်ဆေးရမယ်။ ဖြစ်နိုင်ရင် မိမိအိမ်ကို လည်း သန့်ရှင်းရေးလုပ်ရမယ်။ ဖြစ်ပြီဆိုရင် Mask ကို အသုံးပြုပြီး ကိုဗစ်ရောဂါကူးစက်ခံရသလို အလေးထားရပါမယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီဆိုရင် လက်မောင်းမှာ BP နဲ့ ၅မိနစ်ကျော်လောက် ဖိထားမယ်ဆိုရင် အနီစက်တွေ ပေါ်လာမယ့်လက္ခဏာပြတယ်။ ပြီးတော့ မောပမ်းနွမ်းနယ်မယ်။ အချို့ဆိုရင် သွေးဖြူဥတွေ နည်းလာမယ်။ ကုသရမှာ ကတော့ အရင်ဆုံး သွေးကို ဓာတ်ခွဲစမ်းသပ်မယ်။ တစ်ရက်တစ်ကြိမ်ပေါ့။ ဓာတ်ခွဲ စမ်းသပ်ပြီးတဲ့နောက်မှာ အစာစား နိုင်တဲ့သူတွေကို အရည်တွေ များများတိုက်ပေးမယ်။ သစ်သီးစုံဖျော်ရည်၊ အချို့ဆိုရင် ORS ပေးသောက်မယ်။ အဲဒီ ထက် ပိုပြင်းထန်တယ်ဆို လိုအပ်ရင် သွေးသွင်းပေးရမယ်။ အဲလို အဆင့်ဆင့် ရှိပါတယ်။

ဒီသွေးလွန်တုပ်ကွေးရောဂါက ဘယ်လောက်စိုးရိမ်ရသလဲ။ ရောဂါမကူးစက်နိုင်အောင် ဘယ်လိုကြိုတင်ကာကွယ်ထား ရမလဲဆို မိုးမကျခင်မှာ ဖြစ်နိုင်ရင် ကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်။

ဘယ်လိုမျိုးလူကို ပိုစိုးရိမ်ရလဲဆိုရင်တော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ အခံရှိထားတဲ့သူတွေ။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေး အရင်ထိုးနှံထားသင့်တယ်။ အားရှိဖို့ ကောင်းကောင်းမွန်မွန် အနားယူထားဖို့လိုတယ်။ အကယ်၍ ၅ရက်၊ ၆ရက်အထိ ရောဂါက မသက်သာဘူးဆိုရင် ဆေးရုံကို သွားပြသင့်တယ်။

သက်သာလာလို့ အိမ်မှာ ပြန်လာနေထိုင်ပြီးဆိုရင် အသက်ရှူမဝလို့ ပိုဆိုးလာမယ်။ ပန်းနာရင်ကြပ် ရောဂါအခံရှိတဲ့သူ ဆိုရင် ပိုပြီးသတိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုရင် နှလုံးရောင်ရမ်းတဲ့အထိ ဖြစ်ပွားတာရှိတယ်။ တချို့ လည်း ဦးနှောက်အမြှေးပါးရောင်တဲ့အထိ ဖြစ်ပွားနိုင်တဲ့အတွက် အရမ်းစိုးရိမ်ရတာက တဒင်္ဂအတွင်း အသက်ဆုံးရှုံးနိုင် ပါတယ်။

“မခံမရပ်နိုင်တဲ့အထိ ဆိုးရွားနေမယ်ဆိုရင် ခေါင်းကိုက်၊ ဇက်ကြောတက်တဲ့အထိ ဖြစ်ပွားနေပြီးဆိုရင် အများစုက ဦးနှောက်အမြှေးပါးရောင် ဖြစ်ပွားနိုင်တယ်။ အကောင်းဆုံးကတော့ ဆေးရုံဆေးခန်းကိုသွားပြီး ဆေးကုသမှု အမြန်ဆုံး ခံယူဖို့လိုပါတယ်။”လို့ ကျန်းမာရေးမှူး စောဂေကော်ထူးက ထပ်မံ ပြောပြပါတယ်။

သွေးလွန်တုပ်ကွေးမှာ အသက်အန္တရာယ်ရှိတဲ့ သွေးလန့်ချိန်ရောက်ခါနီးမှာ သတိလွတ်သွားစေနိုင်တဲ့ သွေးလွန်တုပ် ကွေးထောင်ချောက် ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ အဲ့ဒီအဆင့်မှာ ချက်ချင်း ဆေးရုံအမြန်တင်ဖို့ အထူး အရေး ကြီးပါတယ်။

သွေးလွန်တုပ်ကွေးထောင်ချောက်လို့ တင်စားရတာက အဖျားပြန်ကျသွားတာမို့၊ ပြန်ကောင်းသွားပြီလို့ မှားယွင်းယူဆမိ တတ်လို့ပါ။ အထူးသဖြင့် ကလေးတွေမှာ အဖြစ်များပါတယ်။ အဲ့ဒီအဆင့်က သွေးလွန်တုပ်ကွေးဖြစ်ပြီး သုံးရက်ကနေ ငါးရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။ အဲ့ဒီအဆင့်မှာ အဖျားကျသွားပေမယ့် မလန်းဆန်းလာဘဲ ပိုပြီး မှိန်းနေတတ်သလို အစာပြန်မစားနိုင်ဘဲ အိပ်နေတတ်တာအပြင် ကယောင်ကတမ်းပါ ဖြစ်လာတတ်ပါတယ်။

ကလေးတွေဆို မဆော့နိုင်၊ မစားနိုင်ဖြစ်နေတတ်ပြီး ဆယ်ကျော်သက်အရွယ်လေးတွေမှာတော့ ထလိုက်ရင် မူးမိုက်လဲ ကျတတ်ပါတယ်။ ဒါကို အားမရှိလို့ မှိန်းနေတာလို့ပဲ ထင်တတ်ပေမယ့် ဆေးရုံရောက်တဲ့အခါ အခြေအနေဟာ အတော် လွန်နေတဲ့ အဖြစ်မျိုးလည်း ဆေးရုံတွေမှာ ခဏခဏ ကြုံရပါတယ်။ ဒါကြောင့် ကလေးတွေ မသေသင့်ဘဲ သေဆုံးရတဲ့ အခြေအနေမျိုးတွေ မဖြစ်ရလေအောင် ကိုယ့်သားသမီးတွေ သွေးလွန်တုပ်ကွေးဖြစ်နေပြီဆို အထူးသတိထားစောင့် ကြည့်ဖို့ လိုအပ်ပါတယ်။