Home သတင်း သံလွင်တံတား ဗုံးကွဲမှုဖြစ်စဉ်အတွင်း စစ်တပ်ဘက် သေဆုံးသူစာရင်းကို သတင်းဖုံးကွယ်ထား

သံလွင်တံတား ဗုံးကွဲမှုဖြစ်စဉ်အတွင်း စစ်တပ်ဘက် သေဆုံးသူစာရင်းကို သတင်းဖုံးကွယ်ထား

1032
Photo: Crd.

ဩဂုတ် ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့သံလွင်တံတား ဖားအံတရုတ်လှ ရွာဘက်အခြမ်း စစ်ကောင်စီစစ်ဆေးရေး ဂိတ်နေ ရာတွင် ဇူလိုင်လ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးထိခိုက်ဒဏ်ရာရှိသူများစာရင်းကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ပြောဆိုမှုများရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် ဖားအံမြို့ခံများက ပြောသည်။

စစ်ကောင်စီနှင့်နီးစပ်သူဖားအံဒေသခံတစ်ဦးက “သံလွင်တံတား ဗုံးပေါက်ကွဲတာက သေတာက အရပ်သား တစ် ယောက် သေတယ်ပဲထုတ်ပြောခိုင်းနေတာ၊ ရဲကြေးနန်းမှာလည်း အရပ်သားတစ်ယောက်သေ၊ စစ်တပ်ဘက်က ၇ ယောက်ဒဏ်ရာရတယ်ဆိုပြီးတင်ပြတယ်။ အမှန်တကယ်က အဲ့ပေါက်တဲ့နေရာမှာတင် စစ်တပ်၊ ရဲ၊ လဝက၊ ယာဥ် ထိန်းအဖွဲ့ထဲကနေ ၅ ဦး ထက်မနည်းသေတယ်ဆိုတာ အလောင်းကောက်၊ လူနာကောက်ပြီး တောင်ကလေး ဆေးရုံပို့ပေးတဲ့ သူတွေ၊ ရဲဘက်က လူတွေကတဆင့်သိရတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဗုံးကွဲဖြစ်စဥ်ကြောင့် သေဆုံးသွားသူမှာ ဇွဲကပင်တောင်ခြေဘက် နေထိုင်သူ အသက် ၄၅ နှစ်ဝန်းကျင်အရွယ်ရှိ ကိုကျော်ဇင်လွင်ဖြစ်ကြောင်း သိရပြီး ကျေးရွာသုသာန်တွင် မြေချသင်္ဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူထံမှ သိရသည်။ စစ်ကောင်စီတပ် လက်အောက်ခံဝန်ထမ်းများ သေဆုံးသင်္ဂြိုဟ်မှုနှင့် ထိခိုက်ဒဏ်ရာ ရရှိထားသည့်အခြေအနေများကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

“အခု အရပ်သားသေတာက စျေးရောင်းတဲ့သူ စျေးပစ္စည်းပို့တဲ့ဆိုင်ကယ်ဘေးတွဲသမားသေတာ။ နောက် ထပ်အရပ်သားရော၊ သူတို့တံတားမှာ စစ်ဆေးတဲ့စစ်တပ်အဖွဲ့တွေရော ထိခိုက်ကုန်တာ လူ ၂၀ ကျော်ရှိတယ်။ ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ ပျက်စီးပြန့်ကြဲနေတာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ တောင်ကလေး ဆေးရုံမှာလည်း ဒဏ်ရာပြင်းတဲ့သူတွေရှိနေတယ်။ သတင်းတွေက ဖုံးထားတယ်။ နာရေးလုပ်ဖို့တောင် မသေချာဘူးဖြစ်နေတယ် ”ဟု သေဆုံးသူအရပ်သား မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုဗုံးပေါက်ကွဲမှုဖြစ်စဥ်အပြီး ဖားအံသံလွင်တံတား ဖြတ်သန်းခွင့်ကို ဇူလိုင်လ ၃၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၇ နာရီအထိသာ သွားလာခွင့်ကန့်သတ်ထားသည့်အခြေအနေကို ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

Photo: Crd.

လတ်တလော ဗုံးပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီ ကရင်ပြည်နယ်တာဝန်ရှိသူများထံ တယ် လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမျိုးမရရှိသေးသလို စစ်တပ် သတင်းပြန် ကြားရေးဌာနများအနေဖြင့် တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးလည်း မတွေ့ရှိရသေးပေ။

ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန် ရေးအဖွဲ့များ မြို့တွင်း/မြို့ပြင် စစ်တပ်တပ်စွဲထားသည့်နေရာများတိုက်ခိုက်မှု ၁၀ ကြိမ် ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် ကရင်ပြည်နယ်အတွင်း အခြားမြို့နယ်များနှင့် ကျေးရွာများဘက်တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေ ဆုံးမှုများ၊ စစ်စခန်းကျဆုံး၊ စွန့်လွတ်ရမှုများအား သတင်းထုတ်ပြန်ပြောဆိုမှုများမရှိသေးကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးဌာန အချက်အလက်များအရ သိရှိရသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ထားသည့် သံလွင်တံတားလုံခြုံရေးဂိတ်စစ်ဆေးရေးနေရာ အဆောက်အအုံများအား ပြန်လည် ပြင်ဆင်နေပြီး စစ်အင်အားတိုးချဲ့ကာ လုံခြုံရေးတိုးမြှင့်စစ်ဆေးမေးမြန်းသည့်ကိစ္စများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသတွင်းသံလွင်တံတား ဖြတ်သန်းသွားလာနေသူများက ပြောသည်။