Home သတင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ပဲသောင်ရွာရှိ ကလေးငယ်(၂)ဦး ပွဲချင်းပြီး သေဆုံး၊ (၂)ဦး ဒဏ် ရာရ

လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ပဲသောင်ရွာရှိ ကလေးငယ်(၂)ဦး ပွဲချင်းပြီး သေဆုံး၊ (၂)ဦး ဒဏ် ရာရ

603

ဩဂုတ်လ(၁၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက် ကြီးမြို့နယ် ပဲသောင်ရွာရှိ အသက်(၁၀)နှစ်ကျော်အရွယ် ကလေးငယ်(၂)ဦး ယမန်နေ့ဩဂုတ်လ (၁၃)ရက်နေ့ ညနေက စစ်ကောင်စီ တပ်၏ လက်နက်ကြီးကျည်ထိမှန်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ (၂) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသခံ များ၏ပြောပြချက်အရ သိရသည်။

ဩဂုတ်လ(၁၃)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ ပဲသောင်ကျေးရွာရှိ ကိုယ်ထူကိုယ်ထ ပညာသင်ကြားပေးရာ နေအိမ်တစ်အိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ စာသင်ယူနေသော ကျောင်းသားလေး နှစ်ဦး သေဆုံးခဲ့သလို ကျောင်းသားမိခင်အမျိုးသမီးတစ်ဦးနှင့် အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျောက်ကြီးဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကလေးတွေပညာရေးနဲ့မဝေးအောင်လို့ ကြားကာလပညာရေးပေါ့။ ကိုယ်ထူကိုယ်ထ စာသင်ပေး နေတဲ့ အိမ်ပေါ်ကို စာသင်နေတုန်း လက်နက်ကြီးကျတာ။ ကလေးနှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ သေသွား တဲ့ကလေးရဲ့အမေနဲ့ နောက်ကလေးတစ်ယောက်ကတော့ ဒဏ်ရာရတယ်” ဟု အဆိုပါဒေသခံက ဆိုသည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အဆိုပါ ပဲသောင်ကျေးရွာတွင် ကရင်နှင့်ဗမာတိုင်းရင်းသားလူမျိုးများ ရောနှောနေထိုင်ကြပြီး ၎င်းကျေးရွာအပါအဝင် ကမ်းအရှေ့ဘက်ရှိကျေးရွာများမှ ဒေသခံများမှာ စစ်ကောင် စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေ့ပြောင်းစစ်ရှောင်နေထိုင်ရသည့်အတွက် ဘဝရပ်တည်ရေး အာမခံ ချက်မရှိ ဖြစ်လာပြီး လုံခြုံမှုကင်းမဲ့နေကြကြောင်းလည်း ဒေသခံများကပြောသည်။

အခြားဒေသခံအမျိုးသမီးတစ်ဦးက “မနက်ကလည်း မက်မရမ်းမှာ လက်နက်ကြီးကျသေးတယ်။ ပဲသောင် ဘက်ပြီးတော့ မက်မရမ်းဘက်ကျတာလည်း ဟိုးမနက်အစောကြီးပစ်တာ။ လေယာဥ်ကလည်း ဒီရက်ပိုင်း လာလာဝဲတယ်။” ဟု ကေအိုင်စီသို့ ယနေ့ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လတွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးအလုံး ၃၀၀ နီးပါးပစ်ခတ်ခဲ့မှုကြောင့် အသက်(၁၈)နှစ်နှင့်(၁၂)နှစ်အရွယ် ကျောင်းသားနှစ်ဦး အပါအဝင် ဒေသခံပြည်သူ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် မှုကြောင့် ပြည်သူ (၅)ဦး သေဆုံးခဲ့ရကြောင်း ကေအဲန်ယူ၏ ဩဂုတ်လ(၁၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ကေအဲန်ယူထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီ၏လေကြောင်းအပြင် မြေပြင်ကပါ ပစ် ခတ်တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများအပြင် ကျောင်းနေအရွယ်ကလေးများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးရခြင်း၊ စစ်ဘေးတိမ်းရှောင်နေထိုင်ရခြင်းသည် ပညာသင်ယူခွင့်ဆုံးရှုူံးရခြင်း၏ အကြောင်း အရင်းတစ်ရပ်ဖြစ်ကြောင်းလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြီးခဲ့သည့် ဩဂုတ်လ (၆)ရက်နေ့က ကေအိုင်စီသို့ပြောဆိုထားသည်။