Home သတင်း နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံရသော နေအိမ်အလုံး(၆၀)ထက်မနည်းရှိလာ

နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံရသော နေအိမ်အလုံး(၆၀)ထက်မနည်းရှိလာ

608
Photo: KNU

ဩဂုတ်လ(၁၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ က စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီ၏ မီးရှို့ ခြင်းခံရသော အရပ်သားနေအိမ်သည် လက်ရှိအချိန်အထိ အလုံး(၆၀)ထက်မနည်း ရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားပြီး နောက် တိုက်ပွဲဖြစ်ပွားအပြီး ပထမအကြိမ်အဖြစ် နံဇကျေးရွာအတွင်းရှိ ဒေသခံနေအိမ်(၂၁)လုံးအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်း ဆက်လက်တပ်စွဲနေထိုင်၍ နေအိမ်များကို ထပ်မံ မီးရှို့ခဲ့ ခြင်းကြောင့် လက်ရှိတွင် အရပ်သား နေအိမ် (၆၀)ခန့် မီးရှို့ခံလိုက်ရပြီး ဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

“စစ်တပ်က ရွာတစ်ရွာကိုဝင်လို့ သူတို့ကို လက်နက်ကိုင်အဖွဲ့ကပြန်ပစ်တယ် ခတ်တယ်ဆိုတာနဲ့ အဲဒီရွာကို သူပုန်ရွာလို့သတ်မှတ်လိုက်တာပဲ။ အဲဒါကြောင့် အိမ်တွေကိုဖျက်ဆီးတာပေါ့။ အခုနံဇမှာ နောက်တစ်ခေါက် ထပ်ရှို့တာက တစ်ပတ်ကျော်လောက်တော့ရှိပြီ။ အိမ် ၆၀ လောက်ပါတယ်လို့တော့ သိရတယ်။ ပထမ တိုက်ပွဲဖြစ်ကတည်းက စစ်တပ်ကပြန်မထွက်ဘူး ရွာထဲက ခြံတွေအိမ်တွေထဲ ဝင်နေကြတယ်။” ဟု ၎င်းက ယနေ့ ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်ကစလို့ နေအိမ်စွန့်ခွာထွက်ပြေးရသော ဒေသခံများသည်လည်း စစ်ကောင်စီ ၏ ကျေးရွာ အတွင်း တပ်စွဲနေထိုင်မှုကြောင့် လက်ရှိအချိန်ထိ နေရပ်ပြန်မနေရဲကြဘဲ နီးစပ်ရာတွင် ဆက်လက် တိမ်း ရှောင်နေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးကလည်း “သူတို့(စစ်ကောင်စီ)လုပ်နေကျအတိုင်းဆိုရင် နေအိမ် ပြန်လို့ရရင်လည်း အိမ်ကပစ္စည်းတွေတစ်ခုမှ ကျန်မှာမဟုတ်ဘူး။ တန်ဖိုးကြီးတာရော မကြီးတာရော သူတို့ သုံးလို့ရတဲ့ဟာဆိုရင် အကုန်ယူကြတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီအာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ် မေလမှ ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ကျောက်တံခါးမြို့နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းတွင်ရှိသော မြို့နယ်များတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသော နေအိမ် ၂၀၀ ကျော်ရှိနေကြောင်း အရပ်ဘက် သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် Data for Myanmar ၏ စာရင်းပြုစုချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်အဝန်းအဝိုင်းဖြစ်သော ကော့ကရိတ်၊ သံတောင်ကြီး၊ မြဝတီ၊ ဖားအံ၊ ဖာပွန် နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင်လည်း အဆိုပါကာလအတွင်း စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့သော ဒေသခံ နေအိမ်အလုံးရေ ၁၅၀ ကျော်ရှိလာနေသည်ဟု အဆိုပါအဖွဲ့၏စာရင်းပြုစုချက်တွင် ဖော်ပြပါရှိသည်။

ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာထက်မနည်းမှ ဒေသခံများသည်လည်း ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်တွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်ထွက်ပြေး နေရပြီး လုံခြုံစိတ်ချရမှုမရှိသည့်အခြေအနေကြောင့် ယနေ့အချိန်အထိ နေရပ်ပြန်နေထိုင်နိုင်ရန် အခက် အခဲရှိနေဆဲဖြစ်ကြောင်း ဒေသခံ စစ်ဘေးရှောင်ကူညီသူများကဆိုသည်။