Home သတင်း ထားဝယ်မြို့ရှိ စစ်ရှောင်များ နေထိုင်ရာ ရပ်ကွက်တွင် စစ်ကောင်စီမှ ရှောင်တခင်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာ

ထားဝယ်မြို့ရှိ စစ်ရှောင်များ နေထိုင်ရာ ရပ်ကွက်တွင် စစ်ကောင်စီမှ ရှောင်တခင်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာ

852

ဩဂုတ်လ၁၄ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်များ အများစုနေထိုင်သည့် ကြက်စားပြင် ရပ်ကွက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများ မကြာခဏ ပြုလုပ် လုပ်လာ ကြောင်း ဒေသခံများကပြောသည်။

ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့တဲ့ဇူလိုင်လကစပြီး စစ်ရှောင်အများစု လာရောက်ခိုလှုံနေထိုင်သည့် ကြက်စား ပြင်ရပ်ကွက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်တွင် ရှောင်တခင် ဝင်ရောက် စစ်ဆေး မှုများဆက်တိုက်ပြုလုပ်ပြီး ဧည့်စာရင်းတိုင်ထားခြင်းမရှိပါက ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းနေရာတွင်လာရောက် စစ်ရှောင်နေသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ညဘက်အချိန်တွေဆိုရင် လာစစ်တယ်။ စစ်သားတွေလာစစ်တာ။ ဒီရက်ပိုင်းမှာ ပိုလုပ်လာတယ်။ ဘာလို့ လဲဆိုတော့ ရွာတွေဘက်မှာ စစ်ဖြစ်တော့ ဒီဘက်ကိုဘဲလာပြီး အခန်းငှားနေရတယ်။ လောင်းလုံး ဘက်က စစ်ရှောင်တွေရော လာနေကြတယ်။ အကယ်၍ ဧည့်စာရင်းမတိုင်ထားရင်တော့ ဖမ်းခံထိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ကျေးရွာဘက်မှ လာရောက် စစ်ဘေးရှောင်သူများထဲမှ တချို့မှာလည်း ငွေကြေးတတ်နိုင်သူများ အနေဖြင့် အခန်းငှားနေထိုင်နေကြပြီး ငွေကြေး မတတ်နိုင်သူများ အနေဖြင့် ဘုန်းကြီးကျောင်းများတွင် သွား ရောက်ခိုလှုံနေကြရသောကြောင့် စိတ်မလုံခြုံမှုများနှင့်ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ကပြောသည်။

ဒေသခံတစ်ဦးက “တချို့ကထားဝယ်မှာအခန်းငှားပြီးနေကြတယ်။ တစ်ချို့ကလည်း ဘုန်းကြီး ကျောင်း မှာနေ တယ်။ ဟိုဘက်မှာ စစ်ဖြစ်လို့မြို့ထဲဘက်လာရှောင်ပါတယ်ဆို။ စစ်တပ်က ခဏခဏ လာလာစစ်နေတော့ စိတ်မလုံခြုံဘူး အဲ့လိုတွေဖြစ်တယ်။ ပိုက်ဆံလည်း လိုတယ်လေး အခန်းခတွေ ဘာတွေလည်း ရှိသေးတော့ အဆင်မပြေဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ထားဝယ်မြို့ပေါ်တွင် စစ်တပ်က မြို့ဝင်မြို့ထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များကို အခိုင်အမာချထားကာ စစ်ဆေးဖမ်းဆီးမှုများကို လုပ်ဆောင်လျက်ရှိနေပြီး ရပ်ကွက်နေအိမ်လမ်းကြားများတွင်လည်း ကားများဖြင့် လိုက်လံ ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများကပြောသည်။