Home သတင်း ရှစ်လေးလုံး အထိမ်းအမှတ် ပြုလုပ်နေစဉ် စစ်ကောင်စီနှင့် လောင်းလုံး PDF တို့ ထိတွေ့မှုဖြစ်ပွားခဲ့

ရှစ်လေးလုံး အထိမ်းအမှတ် ပြုလုပ်နေစဉ် စစ်ကောင်စီနှင့် လောင်းလုံး PDF တို့ ထိတွေ့မှုဖြစ်ပွားခဲ့

767
Photo: Crd.

ဩဂုတ်လ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးရုံး အနီးတွင် ယမန်နေ့က ရှစ်လေးလုံးအထိမ်းအမှတ်ပြုလုပ်နေစဉ်အချိန်တွင် ကင်းလှည့်လာ‌သော စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နံနက် ၇နာရီခွဲအချိန်တွင် PDF တပ်ဖွဲ့ဝင်များက ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ပြီး ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှေ့တိုးလိုက်လာသောကြောင့် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကင်းပုန်းဝပ်နေသော လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDFနှင့် ထိပ်တိုက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံး PDF မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “နှစ်ဖတ်ထိတွေ့မှုကတော့ (၂၅)မိနစ်လောက်ဖြစ်သွားခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ပါဘူးခင်ဗျာ။ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ လက်ရှိအချိန်ထိ စုံစမ်းနေတုန်းပဲ။”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

ထို နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ စစ်ကူကား(၂)နှစ်စီး ထပ်မံရောက်ရှိလာကာ RPG လက်နက်ကြီး အပါအဝင်၊ စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အင်အား များပြားလာ သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

Photo: Crd.