Home သတင်း ရေကြီးသဖြင့် လှိုင်းဘွဲရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရ

ရေကြီးသဖြင့် လှိုင်းဘွဲရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရ

617
Photo: CJ

ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

‌ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မြေအနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာအများစုတွင် ‌မိုးရွာသွန်းမှု များပြီး တောင်ကျရေလျှံကာ ၅‌ ပေ‌ ၆ ‌ပေ ကျော်အထိရေတက်လာသည့်အတွက် ဩဂုတ်လ ဆန်းမှစ၍ ‌စာသင်‌ကျောင်းများ ယာယီပိတ်ထားရသည်ဟု ဒေသခံ ကျောင်းသားမိဘများထံမှ သိရသည်။

လှိုင်းဘွဲမြို့ (ဃ)ရပ်ကွက်နေသူတစ်ဦးက“ကျောင်းခြံထဲကိုတော့ ရေကမရောက်ဘူး။ ဒါပေမဲ့လမ်းပေါ်မှာ ရေကြီးနေတော့ သွားလာလို့ မရဘူး။ ကျောင်းမပိတ်ရင်လည်း ကလေးတွေကို ကျောင်းလွှတ်ဖို့ စိတ်မ ချရဲဘူး”ဟု ကေအိုင်စီသို့ ပြောသည်

ဩဂုတ်လ ဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် လှိုင်းဘွဲချောင်း ရေလျှံမှု‌ဖြစ်ပွားပြီး လှိုင်းဘွဲတစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေလွှမ်းမိုးခဲ့ကာ သွားလာ‌ရေးအခက်အခဲ‌ကြောင့် စာသင်ကျောင်း (၃၀)ကျော်လောက် ပိတ်ထားရခြင်းဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကလည်း ယခုလိုပြောသည်။

“မပိတ်လို့ မရတော့ဘူး။ တချို့ အိမ်တွေဆို နေလို့တောင် မရတော့ဘူး။ ကလေးတွေကတော့ ကျောင်းမသွားရတော့ ပျော်တာပေါ့။ အခုက တော်တော်အခြေနေဆိုးလာပြီး ပစ္စည်းတွေလည်း ရေမျောကုန်တယ်” ဟု ၎င်းက ပြောသည်၊

လှိုင်းဘွဲမြို့နယ်လုံးကျွတ် ရေကြီးမှုကြောင့် ဒေသခံများ၏ ဒန်အိုး၊ ဒန်ခွက် အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အဝတ်အစားများ ရေထဲမျောပါပျောက်ဆုံးမှုများဖြစ်ပွား‌နေသည်ဟု ရေဘေးသင့် ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် လှိုင်းဘွဲမြို့နယ်အပါအဝင် ဖားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့‌ပေါ် ရပ်ကွက်‌ကျေးရွာများတွင် ‌ရေကြီး၊ ‌ရေလျှံမှု ဖြစ်ပွားပြီး ‌သွားလာရေးအခက်အခဲများကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။