ဩဂုတ်လ ၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လာမည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်ကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ Geelong မြို့တွင် ကျင်းပသွားရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
ဗစ်တိုးရီးယားပြည်နယ်တဝိုက်က ကရင်လူမှုအဖွဲ့အစည်းများမှ ပထမဆုံး အကြိမ်စု ပေါင်းပြီး ကရင်တိုင်းရင်းသားများအတွက် အရေးပါသည့်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။
ယခုကျင်းပမည့် ကရင့်အမျိုးသားအာဇာနည်နေ့အား ဗစ်တိုးရီးယားပြည်နယ်ရှိ ကရင်လူမှု အသိုက်အဝန်းအဖွဲ့ ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ဗစ်တိုးရီး ယားပြည်နယ် ကရင်လူမှုအသိုင်းအ၀ိုင်း ကွန်ရက်အဖွဲ့ (VKCNG)က အဆိုပါပွဲအား ဦးဆောင် စီစဉ်ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ကရင့်အာဇာနည်နေ့အထိမ်းအမှတ်ပွဲတွင် ဖူဆယ်၊ ဘော်လီဘော၊ ခြင်းလုံးစသည့် အားကစား ပြိုင်ပွဲများနှင့် အစားအသောက်များ ပါဝင်မည်ဖြစ်သလို အထိမ်းအမှတ်ပွဲကို Geelong ရှိ Sutcliffe Reserve တွင် သြဂုတ်လ ၁၂ ရက် စနေနေ့ ညနေ ၄ နာရီတွင်ကျင်းပမည်ဟု ပွဲစီစဉ်သူနှင့် VKCNG အဖွဲ့ဝင်တစ်ဦးဖြစ်သူ စောတီမိုသီက ပြောသည်။
စောတီမိုသီ “ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဗစ်တိုးရီးယားပြည်နယ်က ကရင်လူထုတွေကို စုစည်းပြီး တစ်ချိန်တည်းမှာကျနော်တို့ရဲ့ ကရင့်အမျိုးသားအာဇာနည်နေ့ကို ဂုဏ်ပြုဖို့ဖြစ်ပါတယ်။ လွန်ခဲ့ တဲ့နှစ်နှစ်၊ သုံးနှစ်လောက်က ကျနော်တို့ရဲ့လူထုအသိုင်းအဝိုင်းက ကိုဗစ်ကပ်ရောဂါဘေးကြောင့် အချင်း ချင်း မဆုံဖြစ်ကြဘူး။ အခုအချိန်မှာ ကျနော်တို့လူထုအသိုင်းအဝိုင်းတွေအချင်းချင်း အပြန်အလှန်တွေ့ ဆုံဆက်ဆံရမယ့်အချိန်ဖြစ်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။
VKCNG သည် ဗစ်တိုးရီးယားပြည်နယ်ရှိ ကရင်လူထုများစုပေါင်းလာစေရန် ကရင်နှစ်သစ်ကူး၊ ကရင် လက်ချည်ပွဲနှင့် ကရင်အမျိုးသားနေ့ကဲ့သို့သော ကရင့်အမျိုးသားနေ့ထူးနေ့မြတ်ပွဲများကို ကျင်းပပေး လျက်ရှိသည်။
အရှေ့ပိုင်း မဲလ်ဘုန်းမြို့ ကရင်အသိုင်းအ၀ိုင်းမှ စောလယ်ဝါးအောင်ကလည်း ပြည်ပ ရောက် ကရင် အသိုင်းအ၀ိုင်းအတွက် အရေးကြီးသော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ကရင်အာဇာနည်နေ့ကို တန်ဖိုးထားရန် အရေးကြီးကြောင်း ပြောသည်။
“ကရင်အာဇာနည်နေ့ကို VKCNG က ကျင်းပပေးတာဟာ ကျနော်တို့အတွက် ကောင်းပါတယ်။ ကျနော် တို့ကရင်လူမျိုးတွေအတွက် အသက်ပေးလှူခဲ့ကြတဲ့ ကရင်အာဇာနည်တွေကို အောက်မေ့သတိရဖို့ အရမ်းအရေးကြီး ပါတယ်။ ကျနော်တို့ကရင့်အများသားအာဇာနည်နေ့ကို ဂုဏ်ပြုရင် ကျနော်တို့ အသိုင်းတွေကလည်း အတူတူ ပေါင်းစည်းဖို့ အခွင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။” ဟု စောလေးဝါးအောင်က ပြောသည်။
ကရင်အမျိုးသားအာဇာနည်နေ့အား သြဂုတ်လ(၁၂)ရက်နေ့ (၁၉၅၀)ခုနှစ်တွင် ကျဆုံးခဲ့သည့် ကရင်ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့်နေ့ကို အမှီပြုပြီး နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ခုနစ်ခုအတွင်း မြန်မာစစ်အစိုးရနှင့် ကရင်လူမျိုးများအကြား လက်နက်ကိုင် ပဋိပက္ခအတွင်း အသက်ပေးခဲ့ကြသည့် ကရင့်တပ်မတော်သားများနှင့် ကရင်လူထုများအား ဂုဏ်ပြုသည့်အနေဖြင့် ကရင့်အမျိုးသားအာဇာနည်နေ့အား ကျင်းပခြင်းဖြစ်သည်။



















