Home သတင်း မြဝတီနယ်စပ်မြို့တွင် အကြမ်းဖက်လုယက်သတ်ဖြတ်မှုများရှိလာ၍ မြို့ခံများ စိုးရိမ်မြင့်တက်လာ

မြဝတီနယ်စပ်မြို့တွင် အကြမ်းဖက်လုယက်သတ်ဖြတ်မှုများရှိလာ၍ မြို့ခံများ စိုးရိမ်မြင့်တက်လာ

871
Photo: Crd.

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ယခုရက်ပိုင်းတွင် အကြမ်းဖက်လုယက်သတ်ဖြတ်ခံရ သည့်ဖြစ်စဉ်များရှိလာသဖြင့် လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်လာနေကြောင်း မြဝတီမြို့ခံများက ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ရက်၊ ည ၇နာရီအချိန်ခန့်တွင် မြဝတီမြို့ညစျေးအနီးရှိ ငွေလွှဲခုံပိုင်ရှင်တစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးက ငွေသားလုပြီး ဓားဖြင့်ထိုးသွားသည့်အတွက် သေဆုံးခဲ့ရသည့်အပြင် ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်နေ့တွင်လည်း မိချောင်းကုန်းဘုန်းကြီးကျောင်းဝင်းရှိ တရားထိုင်နေသည့် အမျိုးသားတစ်ဦး၏ ခေါင်းကို အုတ်ခဲနှင့်ရိုက်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်လုယူသွားခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးက“အခုရက်ပိုင်းကြားရတာတွေက ကြာလာလေဆိုးလာလေပဲ။ အပြင်မပြောနဲ့ ကိုယ့်အိမ်နဲ့ ကိုယ်နေ တာတောင်လုံခြုံမှုမရှိတော့ဘူး။ မိုးချုပ်ခါနီးဆိုရင် အပြင်သိပ်မထွက်ရဲတော့ဘူး။ ပိုက်ဆံမပါရင်တောင် ဆိုင် ကယ်ကိုလုတယ်။ လူတွေက စီးပွားရေးအဆင်မပြေကြဘူး။ ပြီးတော့နယ်စပ်မြို့ဆိုတော့ လူတွေက မျိုးစုံပဲ ရောက်တော့ အမြဲကြောက်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ငွေများလုယက်သူများသည် ငွေသားကိုင်ထားများသည့် ငွေလွှဲခုံများကို ပစ်မှတ်ထား လုယက်လာသည့်အတွက် ငွေလွှဲလုပ်နေသည့်သူများအနေဖြင့် ပိုမိုသတိထားနေရကြောင်းလည်း ငွှေလွဲလုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။

“မနေ့က အဖြစ်အပျက်ဆိုရင် သိရသလောက် ငွေလာလွှဲမယ်ဆိုပြီး ဟန်ဆောင်ပြီးတော့လာတယ်လို့ သိရတယ်။ ငွေလွှဲတဲ့အခါသူစိမ်းတွေနဲ့ အမြဲတွေ့ရတယ်ဆိုတော့ ဒါလည်း စိုးရိမ်ရတယ်။ အခုကာလမှာ လုပ်ကိုင်စား သောက်ရတာအဆင်မပြေတဲ့အပြင် လုပ်ယက်အကြမ်းဖက်မှုတွေပါ ကြောက်ရတယ်။ ”ဟု ၎င်းငွေလွှဲလုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့သည် အနယ်နယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံလာရောက်အလုပ်လုပ်ကိုင်ပြီး ကာစီနိုလောင်းကစားရုံများ၊ ဂိမ်းကစားရုံများနှင့် အခြားလောင်းကစားအမျိုးမျိုးရှိသည့်အပြင် မူးယစ်ဆေးဝါးများလည်း အလွယ်တကူရရှိနိုင်သည့် နယ်စပ်မြို့တစ်မြို့လည်းဖြစ်သည်။

အဆိုပါ အခြေအနေကြောင့် မြို့ထဲတွင် ဖုန်းများ၊ ငွေများ လုယက်ခံရမှု၊ အိမ်းတွင်းဖောက်ထွင်းခံရမှုနှင့် ကားနှင့်ဆိုင်ကယ်များ အခိုးခံမှု မကြာခဏဖြစ်ပွားလေ့ရှိကြောင်း မြို့ခံ၏ ပြောဆိုချက်အရ သိရသည်။