သြဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မြို့နယ် ၃ ခုတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်မှ ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။
ခလယ်ထွီထူခရိုင် မူး(မုန်း)၊ လယ်ဒို(ကျောက်ကြီး)နှင့် ဆောထိ(ရွှေကျင်) စသည့် မြို့နယ် ၃ ခုအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုမပြုလုပ်မီ ၃ ရက်နှင့် ပြုလုပ်မှုပြီးစီး သွားသည့် ရက်ပိုင်းအကြာမှ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို ပြန်ဖွင့်ပေးသည်ဟု ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ပြောသည်။
ဒေသအတွင်း ဖြစ်ပျက်နေသော စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူနေအိမ်ထိခိုက် ပျက်စီးများကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်သို့ အချိန်မီမရောက်ရှိစေရန် ရည်ရွယ်၍ ထိုသို့ ပြုလုပ် နေခြင်းဖြစ်သည်ဟု ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ကျနော်တို့ဘက်မှာ ဖုန်းလိုင်းကို စကစတွေ ဖြတ်ထားတယ်။ ရွာတွေထဲကို လေယာဉ်နဲ့လာမပစ်ခင် ၃ ရက်လောက်နဲ့ သူတို့လုပ်ပြီးသွားတဲ့ ရက်ပိုင်းလောက်ကြာမှ လိုင်းပြန်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက မတည်ငြိမ်တဲ့ဒေသအတွင်းအခြေအနေလည်း ဖြစ်နေတော့ ဒီဖြစ်စဉ်တွေကို လိုင်းပေါ်မှာ ချက် ချင်းမတက်အောင် ဆက်သွယ်ရေးဖြတ်ထားတယ်လို့ ယူဆတယ်။ သူတို့ဘက်ကလည်း သူတို့ရဲ့လုပ်ရပ် တွေလေကြောင်းပစ်ခတ်တာတွေကို မပေါ်လွင်အောင်လုပ်တာဖြစ်တယ်”ဟု ပြောသည်။
ကေအဲန်ယူ တပ်မဟာ ၃နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မြို့နယ် ၃ ခုကို ယမန်နေ့ကလည်း တောင်ပိုင်းတိုင်း တိုင်းမှူး၏ အမိန့်အရ လျှပ်စစ်မီးပေးထားသည့် ကျေးရွာများအားလုံးကို မီးဖြတ် တောက်ခိုင်းထားပြီး လိုအပ်လျှင် မြို့ပေါ်ထိ ဖြတ်တောက်ရန် အမိန့်ထုတ်ထားခြင်းဖြစ်ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ကေအဲန်ယူ တပ်မဟာ ၃ အတွင်းရှိ မြို့နယ် ၃ ခုကို ဆက်သွယ်ရေး အင်တာနက်လိုင်း ဖြတ်တောက်သကဲ့သို့ အခြားသောကေအဲန်ယူ တပ်မဟာ ၁၊ ဒူးသထူ( သထုံ) ခရိုင်နှင့် ကေအဲန်ယူ တပ်မဟာ ၅၊ မူတြော်(ဖာပွန်)ခရိုင် စသည့်တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကိုလည်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ဟု သိရသည်။
သထုံမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက “ဖုန်းလိုင်းက တော်တော်ဆိုးတယ်။ ဖေ့ဘွတ်ခ် သုံးဖို့ မပြောနဲ့ ဖုန်းတစ်ခါဆက်ချင်ရင်တော့ အဝေးကြီးသွားရတယ်။ တစ်နေရာမှလိုင်းမိရင် အဲ့နေရာကနေ ခြေတစ်လှမ်းလှမ်းလိုက်ရင် လိုင်းပြတ်ပြီး။ တယ်လီနောရော၊ ဘာမှမမိဘူး။ သူတို့ရဲ့ Mytel ကဒ်ပဲ နည်းနည်းသုံးလို့ရတယ်”ဟု ပြောသည်။
ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေ မြို့နယ်များရှိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် Drone ဖြင့် ဗုံးကြဲချမှုကြောင့် နောင်ဘိုကျေးရွာ၊ လက်တက်ကြီးကျေးရွာ၊ ငတိုးခင်ကျေး ရွာ၊ ခင်နောက်မီးကျေးရွာ၊ ရေပြာကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ သစ်ဖြူဆိတ်ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာ၊ လှေဒိုးကျေးရွာ၊ သနပ်ကွင်းကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ စသည့်ကျေးရွာပေါင်း စုစု ပေါင်း(၁၁)ရွာမှ ဒေသခံပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။



















