ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာသို့ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီး ပစ်ခတ် မှုများလုပ်ဆောင်ခဲ့အတွက် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိ အချိန် အထိရွာအတွင်းတပ်စွဲနေထိုင်ကြသဖြင့် နေရပ်ပြန်ရန်အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ(၁၆)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ကူ မှုများကြောင့် ဇီးကုန်းကျေးရွာအပါအဝင် ကရဝေးဆိပ်၊ ပိတောက်စု၊ ရှမ်းစု အစရှိသည့် ကျေးရွာများမှ ဒေသခံများပါ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အခြားကျေးရွာမှဒေသခံများ နယ်မြေတည်ငြိမ်၍ နေရပ်ပြန်နေကြသော်လည်း ဇီးကုန်းရွာတွင် စစ်ကောင်စီတပ်စွဲနေထိုင်နေသေးသဖြင့် အိမ်ပြန်မရသည့်အခြေအနေရှိသေးကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ဇီးကုန်းမှာက စစ်ကောင်စီရှိလို့ ပြန်လာရင်ပစ်ခံရမှာ အဲ့ဒါကြောင့်မပြန်ရဲ သေးကြတာ၊ ရှမ်းစုတို့ ကရဝေးဆိပ်တို့ကတော့ ချောင်းတဖက်ကမ်းဆိုတော့ စစ်တပ် က လာရင်လည်း ဒီဘက်ခြမ်းကိုမကူးဘူး။ ဟိုဘက်မှာပဲရှိတယ်ဆိုတော့ အခုပြန် နေကြတယ်။ ပိတောက်စုက အချို့လည်းပြန်မနေရဲကြသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုအတွင်း ဒေသခံနှင့် လူနေအိမ်ထိခိုက်မှု မရှိကြောင်း အဆိုပါဒေသခံတာဝန်ရှိသူ၏ ဆက်လက်ပြောဆိုမှုအရ သိရသည်။
ထို့အပြင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ဇီးကုန်းရွာအတွင်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ သုံးဦးသေဆုံး၍ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကျိုက်ထို တော်လှန်ရေးအင်အားစု-KRF က ဩဂုတ်လ(၁၉)ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
“အဲ့ဒီဖြစ်တဲ့ညက စစ်တပ်က လက်နက်ကြီးပစ်တာ အချက်ရေ ၄၀ ကျော်လောက်ရှိတယ်။ အခေါက်ခေါက်အခါခါပဲ စိတ်ကြိုက်ကိုပစ်တာ၊ RPG တွေရော တော်တော်အမျိုးစုံတယ်။ ကျနော်တို့လည်းရှောင်နေရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင် အတွင်းရှိ အဆိုပါဇီးကုန်းကျေးရွာအပြင် အခြားသောကျေးရွာမှဒေသခံများသည် စစ်ကောင်စီ၏ ယခုလို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိမ်းရှောင် ထွက်ပြေးရခြင်းများ အကြိမ်ကြိမ်ရှိခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကပင် စစ်ကောင်စီက လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်သဖြင့် ဒေသခံအရပ် သားထိခိုက် သေဆုံးမှုများ ရှိခဲ့သေးသည်။



















