ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီအာရှလမ်းမကြီး တောင်ပြိုလမ်းပျက်နေမှုကြောင့် ပြောင်းလဲသွားလာနေရသည့် ဒေါနတောင် လမ်းဟောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအကြား ကြားညှပ် ထိခိုက်ခံရမည့်အရေးနှင့် ကျောက်ကမ်းပါးလမ်းများ ပြိုကျပြီး ကားနှင့် လူချောက်ထဲပြုတ်ကျနိုင်သည့် အန္တရာယ်ရှိနေသည်အကြားမှသွားလာနေကြရသည့်အတွက် အချိန်မရွေးအသက်အန္တရာယ်ကြုံ ရနိုင် ကြောင်း ဒေသခံယာဥ်မောင်းများက ပြောသည်။
“လမ်းဟောင်းက သွားလို့ရတယ်ဆိုပေမယ့် အန္တရာယ်များတယ်။ ကျောက်ကမ်းပါးနေရာမှာ မြေပြို နေ တာ ၃ နေရာလောက်ရှိတယ်။ မြေပြိုချောက်ထဲကျနိုင်သလို တိုက်ပွဲ ဖြစ်ရင်လည်း ကြားညှပ်ပြီး အပစ်ခံ ရနိုင်တယ်။ လက်နက်ကိုင်အဖွဲ့တွေက ဂိတ်ထောင်ပြီး ငွေသာတောင်းနေတာ လုံခြုံမှုက သူတို့ ကိုယ် တိုင်တောင် မရှိဘူး။ စစ်တပ်ကလည်း လက်နက်ကြီး ပစ်ပစ်ထုတ်နေတာမှာ ကိုယ့်ကား နား လာကျမ လားဆိုတာ မပြောနိုင်ဘူး။ ဂျိုင်းတံတားကျော်မှ စိတ်ကလျှော့လို့ရတယ်”ဟု အိမ်စီးကားလိုင်း ယာဥ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် အာရှလမ်းမြေပြိုတောင်ပြိုဖြစ်နေသည့် နေရာ ၃ နေရာခန့်ကို စစ်ကောင်စီတပ်နှင့် BGF တပ်များလုံခြုံရေး စစ်ကြောင်းဖြင့် လမ်းတံတားဦးစီးဌာနမှ လမ်းမြေစာပုံများ ဖယ်ရှားရှင်းလင်းရေးလုပ် နေသလို ထို့ကော်ကိုး လမ်းပိုင်းရေကျော် မြေပြိုထားသည့် နေရာများအား ယာယီဘေလီ သံဘောင်တံ တားများ လုပ်ဆောင်ပြင်ဆင်နေကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။
မြဝတီ-ဖားအံ ဆက်သွယ်ရေးလမ်းမကြီးများဖြစ်သည့် အာရှလမ်း၊ ထို့ကော်ကိုးလမ်းများပြတ်တောက် နေခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်စည်များ ပြည်တွင်းသို့ သယ်ဆောင်၍မရသလို ပြည်ပ တင်ပို့မည့် မြန်မာကုန်စည်များလည်း မြဝတီသို့ မပို့ဆောင်နိုင်သေးကြောင်း ကုန်ကား မောင်းသူများက ပြောသည်။
ဒေါနတောင် လမ်းဟောင်းတွင် အိမ်စီးကားသေး၊ ကားလတ်များအား ကုန်ပိုဝန်ပိုတင်ဆောင်ကာ ခရီး သည် ပိုမိုတင်ဆောင် မောင်းနှင့်သူအချို့ကြောင့် လမ်းပြိုကျပျက်စီးမှုများကြုံရပြီး လမ်းအန္တရာယ် အချိန် မရွေးဖြစ်ပေါ်နိုင်သည့်အတွက် သတိထားသွားလာ မောင်းနှင်ကြရန် ကားသမားအချင်းချင်း အသိပေး ပြောဆိုနေရကြောင်း သိရှိရသည်။



















