Home ဆောင်းပါး အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သော ကော်ခိုကြီး

အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သော ကော်ခိုကြီး

1109

အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သော ကော်ခိုကြီး

သူးလေဖော

(၁၂ ဩဂုတ်လ၊ ၂၀၂၃)

၁၉၅၀ပြည့်နှစ် ဇူလိုင် ၁၇ရက်မှ ၁၉ရက်နေ့အထိ ဖာပွန်မြို့၌ ကော်သူးလေကွန်ဂရက်ကို ကျင်းပသည်။
ကွန်ဂရက်တွင် ဥက္ကဠစောဘဦးကြီးကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးကို အစမှ အဆုံးအထိ ခေါင်းဆောင်ခဲ့သည်။

ကွန်ဂရက်သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်စန်းကေ၊ စကောလယ်တော၊ ဗိုလ်ရောလေ။ တောင်ငူခရိုင်က ဗိုလ်ချုပ်မင်းမောင်၊ ဖောလ်ဖော၊ တူးရာဦးနှင့် အေစိုးမြင့်။ ညောင်လေးပင် ခရိုင်က ဗိုလ်ကြီးစူမောင်လွင်၊ ဗိုလ်ကြီးအောင်သောင်း၊ ဆရာမားရယ်၊ ဗိုလ်ကြီးထိုရေဘို။ ဖာပွန်ခရိုင်က တောအုပ်ခွားဒါး၊ မစ္စတာနာဒီး။ သထုံခရိုင်က ဖူးပွေထော်၊ ဗိုလ်ကြီးစောအုန်းဖေ၊ ဆရာအုန်ဖေးညွန့်၊ စောဘ လူ။ မော်လမြိုင်က ပဒိုလေရီဖိုးကီး၊ ဗိုလ်ကြီးမိုက်ကယ်ရွှေ။ ကရင်နီက စောလှဦး၊ စောသေထူး။ မွန်ဘက်က နိုင်ရွှေသိန်း၊ နိုင်သိန်းမောင်၊ နိုင်ထွန်းသိန်း၊ နိုင်ဆိတ်နို့ တို့ဖြစ်ကြသည်။

ကွန်ဂရက်သို့ လေ့လာသူအဖြစ် တက်ရာက်ကြသူများမှာ ဥက္ကဠစောဘဦးကြီး၏ဇနီး နော်နီတာဇန်၊ ပဒိုဦး တုတ်၊ ဗိုလ်ကြီးတာကပေါ်၊ ပဒိုဝေလီစော၊ ဆရာအဲဒ်နာ၊ ဆရာဘော်ဒွင်နှင့် အခြားပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သဘာပတိအဖြစ် ကွန်ဂရက်အဖွင့် မိန့်ခွန်းတွင် စောဘဦးကြီးက အောက်ပါအဓိကအချက်ကို မိန့်ကြားခဲ့ သည်။

– ဤကရင့်တော်လှန်‌ရေးသည် ပထမအကြိမ်ဖြစ်ပြီး နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။
– ကရင့်တော်လှန်‌ရေးသမားများအားလုံး ရန်ကုန်သို့ဆင်းသွားပြီး လည်စင်းခံခြင်း မပြုပါက ဤတော်လှန်‌ရေး ကြီးသည် လုံးဝ မရှုံးနိုင်ပါ။
– ကရင်ပြည်နယ်ရရန် နည်းလမ်း ၃သွယ် ရှိသည်။
၁။ ရန်သူစေတနာရှိ၍ ပေးခြင်း။
၂။ ရန်သူကို အနိုင်တိုက်နိုင်ခြင်း။
၃။ ပြည်တွင်းပြည်ပ အခြေအနေ တွန်းဆော်မှုကြောင့် ဖြစ်ခြင်း။
– တော်လှန်‌ရေး၏ အဓိကအင်အားသည် ပြည်သူလူထု ဖြစ်သည်။ ယင်းကြောင့် ပြည်သူလူထုမှ မိမိတို့အား ချစ်ကြောက်ရိုသေ ဖြစ်ရမည်။
– ကျွန်ုပ်တို့၏ အားနည်းချက်များအား ပြန်လည် လေ့လာဆန်းစစ်ပြီး ပြုပြင်ကြရမည်။

အစည်းအ‌ဝေးကို သုံးရက်တိတိ တင်ပြ‌ဆွေးနွေးကြသည်။ ကွန်ဂရက် သုံးရက်ပြီးသောအခါ ဥက္ကဌ စောဘဦးကြီးက နိုင်ငံရေးကစားကွက်တစ်ကွက်ကို ဖန်တီးလုပ်ဆောင်ရန် ပြောဆိုသည်။
(I am going to play a political stunt)

ထို့နောက် စောဘဦးကြီးသည် သူ၏အကျော်ကြားဆုံးသော မူကြီး၄ချက်ကို ရေးသားချမှတ်ပါသည်။ ဤမူ လေးချက်ကိုလည်း မော်ချီးရှိ ကော်သူးလေ အသံလွှင့်ဌာနသို့ ပို့လိုက်လေသည်။ မူကြီး ၄ချက်ကို ၁၉၅၀ပြည့် နှစ်၊ ဇူလိုင်လ ၃၁ရက်နေ့မှ ဩဂုတ်လ ၂ရက်နေ့အထိ သုံးရက်ဆက်တိုက် အင်္ဂလိပ်ဘာသာ၊ ကရင်ဘာသာ၊ ဗမာဘာသာတို့ဖြင့် အသံလွှင့်ထုတ်ပြန် ကြေညာလေသည်။

ဤမူလေးချက်သည် ပြည်သူအားလုံးသိပြီးသားပင် ဖြစ်သည်၊ စောဘဦးကြီး၏ အကျော်ကြားဆုံးသော ဆုံး ဖြတ်ချက်ဖြစ်သည့် သူ၏မူလေးချက်သည် နှစ်ပေါင်း ၇၀ကျော်ခဲ့ပြီးဖြစ်သော်လည်း မှန်ကန်နေလျက်ပင် တည်ရှိနေသည်။ ယနေ့အထိ ထာဝရအမြဲ လက်ကိုင်ထားရပြီး ကရင့်တော်လှန်ရေးအတွက် ကျင့်သုံးလိုက်နာ ရမည့် လေးပါးသီလအဖြစ် ပဒိုမန်းရှာက သတိပေး မိန့်ကြားထားခဲ့သည်။

ဤမူလေးချက်သည် ကရင့်တော်လှန်ရေးအတွက် ချမှတ်ပေးခဲ့သော သံမဏိစည်းမျဉ်းမူ ဖြစ်သော်လည်း ကရင်လူမျိုးအတွက်သာမဟုတ်ဘဲ လူမျိုးစုတိုင်းရင်းသားအားလုံးအတွက်ပါ ကိုင်စွဲရမည့်မူတစ်ခုပင်ဖြစ်လာ သည်။ အကြောင်းမှာ ယခင်က လက်နက်မကိုင်သော လူမျိုးစုတိုင်းရင်းသားတို့သည် ယနေ့ မိမိတို့၏ ရပိုင် ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လက်နက်ကိုင်လာကြခြင်းကြောင့်ပင် ဖြစ်သည်။ နှစ်ပေါင်းကြာလာ သည်နှင့်အမျှ လက်နက်မကိုင်ဘဲ တရားသောနည်းလမ်းဖြင့် တောင်းဆိုဆွေးနွေးခဲ့ကြသော်လည်း တိုင်းရင်း သားများ၏ ရပိုင်ခွင့်များမှာ တန်းတူမျှတစွာ မရရှိခဲ့ကြပေ။ သို့အတွက်ကြောင့် လူမျိုးစုတိုင်းရင်းသားများ သည် လက်နက်ကိုင်လမ်းစဉ်ကို မကိုင်ချင်သော်လည်း မိမိတို့၏ အမျိုးသားအခွင့်အရေး ရရှိဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြသည်။

တကယ်စင်စစ် လက်နက်ကိုင်လမ်းစဉ်ဟူသည် နိုင်ငံရေးသဘောအရ ဆွေးနွေး၍ လုံးဝ အဆင်မပြေ၊ မရ သည့်အခါမှသာလျှင် ရှောင်လွဲ၍မရသဖြင့် လက်နက်ကိုင်ရခြင်းဖြစ်ကြောင်း အားလုံးအသိပင်ဖြစ်သည်။

စောဘဦးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ကျော်ကတည်းက မျှော်မြင်သိရှိခဲ့၍ လာမည့်မြန်မာနိုင်ငံ၏ အနာဂတ် လူမျိုးစုတိုင်းရင်းသားတို့၏ အခွင့်အရေးကို ရရှိဖို့ဆိုလျှင် လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးမှဖြစ် မည်ဟု ကြိုတင် တွက်ဆခဲ့သည်။ ထို့ကြောင့် သူသည် မိမိ၏ ကရင့်အမျိုးသားတို့အား သူ၏ အမြဲထာဝရရှင် သန်နေမည့် ဒဿနမူကြီးလေးချက်ကို ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့ ချမှတ်ရသည်မှာလည်း သူ ရင်ဆိုင် ခဲ့ရသည့် ဘဝအတွေ့အကြုံအရ ကိုယ်တိုင်တွေးခေါ်ပြီး ချမှတ်ခဲ့ခြင်းဖြစ်သည်။ စောဘဦးကြီးသည် ကရင်အ မျိုးသားများအတွက် ချမှတ်ပေးခဲ့သည်မှန်သော်လည်း ယနေ့ ၂၁ရာစုခေတ်တွင် ဤမူကြီး လေးချက်သည် လူမျိုးစုတိုင်းရင်းသားတိုင်းက မိမိတို့အမျိုးသား လွတ်မြောက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်သို့ ချီတက် ရာတွင် ထာဝရကိုင်စွဲထားရမည့် တစ်ခုတည်းသော လမ်းညွှန်ချက်ပင် ဖြစ်လာခဲ့သည်။

ဤစောဘဦးကြီး၏ မူလေးချက်သည် အတိတ်ကာလမှာလည်း မှန်ကန်ခဲ့သည်။ ယခု ပစ္စုပ္ပန်မျက်မှောက်ကာ လမှာလည်း မှန်ကန်နေလျက်ပင်ရှိသည်။ နောင် အနာဂတ်ကာလမှာလည်း မှန်ကန်နေအုံးမည်သာဖြစ်သည်။ မည်သည့်ခေတ်ကာလအချိန်သို့ ရောက်ရှိသည်ဖြစ်ပါစေ၊ လူမျိုးစုတိုင်းရင်းသားအားလုံးတို့၏ ဘဝသည် တန်းတူညီမျှမှု မရရှိသမျှ စောဘဦးကြီး၏ မူလေးချက်သည် ထာဝရရှင်သန်မှန်နေအုံးမည်သာဖြစ်သည်။

ထို့အပြင် အထက်တွင် တင်ပြထားခဲ့သော စောဘဦးကြီး၏ အရေးကြီးလှသည့် ကရင်ပြည်ရရှိရေးမူကို ဆက်လက် လေ့လာကြည့်ကြပါစို့။

စောဘဦးကြီးက ကရင်ပြည်ရရန် နည်းလမ်း ၃သွယ်ရှိသည်ဟု အောက်ပါအတိုင်း ထုတ်ပြထားခဲ့သည်။
ယင်းမှာ –
၁။ ရန်သူမှ စေတနာရှိ၍ ပေးခြင်း။
၂။ ရန်သူကို အနိုင်တိုက်နိုင်ခြင်း။
၃။ ပြည်တွင်းပြည်ပ အခြေနေ တွန်းဆော်မှုကြောင့်ဖြစ်ခြင်း။

နံပါတ်တစ် “ရန်သူမှ စေတနာရှိ၍ ပေးခြင်း”မှာ ကရင်ပြည်နယ်အရေးကို ဆွေးနွေးရာတွင်တစ်ဖက်ရန်သူနှင့် မိမိတို့က ဆွေးနွေးရင်း တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားနှင့် ယုံကြည်မှုများရှိလာလျှင် ရန်သူဖက်က မိမိတို့ အား ကရင်ပြည်နယ်(ဖက်ဒရယ်)ကို ပေးချင်ပေးနိုင်သည်။ ကမ္ဘာ့စစ်ပွဲကြီးဖြစ်စေ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ် ပွဲဖြစ်စေ ဆွေးနွေးကြရာ၌ ယုံကြည်မှု၊ လေးစားမှု၊ ကတိသစ္စာရှိမှုများကြောင့် ငြိမ်းချမ်းရေး ရရှိကြပါသည်။

မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးကို ဆွေးနွေးလာခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဆက်လက်ဆွေးနွေးရမည့်အစား ဖွံ့ဖြိုးရေးကိုလုပ်ဆောင်လာပြီး နယ်မြေစိုးမိုးရန် တိုးချဲ့လာ သည်။ သို့အတွက်ကြောင့် တစ်ဖက်ရန်သူသည် မိမိတို့အား စေတနာထားရှိ၍ ပြည်နယ်(ဖက်ဒရယ်)ပေးရန် အကြောင်းမရှိသည်မှာ ထင်ရှားလှပေသည်။

မှတ်ချက်။ ။ ယခင်က “ကရင်ပြည်နယ်”ကို တောင်းဆိုခဲ့ကြသည်။ ယခုအခါ “ဖက်ဒရယ်သဘောတရား ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်”တို့ကို ရရှိဖို့ရန် လူမျိုးစုတိုင်းရင်းသားတို့က တောင်းဆိုနေကြ၍ ထိုဖက်ဒရယ်ကို လိုချင်သည်ဟု ဆိုလိုပါသည်။

နံပါတ်နှစ် “ရန်သူကို အနိုင်တိုက်ခြင်း”မှာ အပြီးပြတ်တိုက်နိုင်ရန် မလွယ်ကူလှပေ။ အကြောင်းမှာ မိမိတို့၏ ပြည်နယ်ဒေသကိုသာလျှင် ကာကွယ်၍ တစ်ဖက်ရန်သူတို့က လာပြီး မကြီးစိုးနိုင်ရန် ခုခံစစ်အဖြစ် ကာကွယ် တိုက်ခိုက်နေရခြင်းကြောင့်လည်းကောင်း၊ တစ်ဖက်ရန်သူကလည်း စစ်ပွဲကိုဖန်တီးလိုလျှင် အချိန်မရွေး မိမိ တို့ပြည်နယ်ထဲသို့ တက်လာပြီး တိုက်ခိုက်လေ့ရှိခြင်းကြောင့်လည်းကောင်း နှစ်ဦးနှစ်ဖက်စလုံး စစ်ပွဲသည် မပြီးဆုံးနိုင်သလို မည်သူမှ တစ်ဖွဲ့ကိုတစ်ဖွဲ့ အပြီးအပြတ် တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်ချေ။ သို့အတွက်ကြောင့် လည်း စစ်ပွဲသည် နှစ်(၇၀)ကျော်ခဲ့ပြီးဖြစ်သည်။

နံပါတ်သုံး “ပြည်တွင်းပြည်ပ အခြေအနေ တွန်းဆော်မှုကြောင့် ဖြစ်ခြင်း” ဟူသည်မှာ ယခုဖြစ်နေသော (ပြည် တွင်းနိုင်ငံရေး)အခြေအနေကာလကို ဆိုလိုသည်ဟု နားလည်ရပါသည်။ ယခုအခါ ပြည်တွင်းပြည်ပတွင် ဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေသည် စောဘဦးကြီး ကြိုတင်ဟောကိန်းထုတ်ခဲ့သော အခြေအနေပင် ဖြစ်သည်။ ဤအခြေအနေမျိုးကို ပြည်တွင်းပြည်ပရှိ တော်လှန်ရေးသမားနှင့် နိုင်ငံရေးသမားတို့က ကိုင်တွယ် အသုံးချတတ်ပါလျှင် ဗမာ အပါအဝင် လူမျိုးစုတိုင်းရင်းသားများလိုချင်သော “ဖက်ဒရယ်ဖြစ်သည့် ကိုယ်တိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်”တို့ကို ရရှိကောင်း ရရှိနိုင်ပါသည်။

သို့သော် လွယ်ကူစွာ ရရှိဖို့တော့ မျှော်လင့်ထား၍ မရပေ။ အထူးသဖြင့် ကရင်အမျိုးသားတို့သည် ဤနံပါတ် ၃ အချက်ကို အဖက်ဖက်က လေ့လာသုံးသပ်သင့်ပေသည်။ ယင်းသို့လေ့လာသုံးသပ်ရင်း သင့်တော်သည့်အဖြေ တစ်ခုခု ထွက်လာနိုင်မည်ဟုလည်း မျှော်လင့်မိပါသည်။

မည်သို့ပင်ဖြစ်စေ အမျိုးသားအကျိုးကို ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဉာဏ်ပညာရှိရန် လိုအပ်သလို ဇွဲလုံ့လ ဝီရိယများနှင့်အတူ သတိရှိရန်လည်း လိုအပ်ပေသည်။ လူတိုင်းသည် ငြိမ်းချမ်းသာယာမှုကို လိုချင်ကြ၍ ငြိမ်း ငြိမ်းချမ်းချမ်းဖြစ်လျှင် အကောင်းဆုံးပင် မဟုတ်ပါလား။

“၇၄နှစ်မြောက် ကရင့်အာဇာနည်နေ့အတွက် ဂုဏ်ပြုဆောင်းပါး ဖြစ်ပါသည်။”