Home သတင်း ခေါင်းဆောင်များ၏ အစီအစဉ်ညွှန်ကြားချက်များကို စောင့်ကြည့်နားထောင်ကြရန် အာဇာနည်နေ့တွင် KNLA တိုက်တွန်း

ခေါင်းဆောင်များ၏ အစီအစဉ်ညွှန်ကြားချက်များကို စောင့်ကြည့်နားထောင်ကြရန် အာဇာနည်နေ့တွင် KNLA တိုက်တွန်း

1201

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများအနေဖြင့် အထက်ခေါင်းဆောင်များ၏ အစီအစဉ် ညွှန်ကြားချက်များကို စောင့်ကြည့်နားထောင်ရင်း မိမိတို့၏ လမ်းစဉ် လုပ်ငန်း စဉ်များအပေါ် မားမားမတ်မတ် ရပ်တည်ကြရန် ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် ကရင့်အာဇာနည်နေ့အတွက် ပေးပို့သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA (ဗဟို)၏ သဝဏ်လွှာတွင် တိုက်တွန်းနိုးဆော် ထားသည်။

ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများအနေဖြင့် ၎င်းတို့ ထမ်းဆောင်ရမည့် ကိုယ်စီ တာဝန်များရှိသည့် အလျောက်အထက်တာဝန်ရှိ ခေါင်းဆောင်များ၏ အစီအစဉ် ညွှန်ကြား ချက်များကို စောင့်ကြည့်နားထောင်ရင် စောဘဦးကြီးနှင့်တကွ ခေါင်းဆောက်အဆက်ဆက် ချမှတ်ထားသည့် လမ်းစဉ်လုပ်ငန်းစဉ်များအပေါ် မားမား မတ်မတ် ရပ်တည်ကြရန် KNLA (ဗဟို) က တိုက်တွန်းထားခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း ကေအဲန်ယူ ခေါင်းဆောင်သစ်များ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက် အပြီး ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲတွင် အပစ်ရပ် စာချုပ် (NCA) မှာလည်း ပျက်ပြယ်သွားပြီ ဖြစ်ကြောင်းနှင့် ကေအဲန်ယူ၏ နိုင်ငံရေး ရပ်တည်ချက်များ သွားလိုသည့် လမ်းစဉ် လုပ်ငန်းစဉ်အချို့ကို ချပြ ခဲ့သည်။

ထို့အပြင် ကရင့်အမျိုးသားတော်လှန်ရေးနှစ် ၇၄ နှစ်တိုင်ခဲ့ပြီးဖြစ်သလို ကရင့်အမျိုးသားအာဇာနည်နေ့သည်လည်း ၇၃ နှစ်မြောက်ပြီး ဖြစ်သော်လည်း တော်လှန်ရေးအပေါ် လူထုထောက်ခံမှု ဆက်ရှိနေဆဲ ဖြစ်သောကြောင့် လူထု ဆန့်ကျင် ရေး လုပ်ရပ်မှန်သမျှကိုလည်း ရှောင်ရှားကြရန် KNLA (ဗဟို) က ဆက်လက် တိုက်တွန်းပြောဆိုထားသည်။

အလားတူ ကရင်အမျိုးသားများအနေဖြင့် မိမိတို့ကရင့်အာဇာနည်များ၏ စွန့်လွှတ်ပေး ဆပ်မှု မျှော်လင့်ချက်နှင့် အဓိပ္ပါယ်များကို အကောင်အထည်ဖော်နိုင်ရေး စည်းလုံး ညီညွတ်စွာ ကြိုးပမ်းလုပ်ဆောင်ကြရန်လည်း ကရင့်အမျိုးသား အာဇာနည်နေ့မိန့်ခွန်းတွင် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက တိုက်တွန်းပြောဆို ထားသည်။

အမျိုးသားရေးရည်မှန်းချက်အား စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းတည် ဆောက်ရာတွင်လည်း မတူကွဲ ပြားမှုကိုဘေးဖယ်၍ ကရင့်အမျိုးသားအလံ တော်အောက်တွင် ကျရာတာဝန်အတိုင်း လုပ်ဆောင်ရန် လိုအပ်သလို အပြစ်တင်ပြောဆိုမှုကိုရှောင်ရှား၍ အပြန်အလှန် အားနည်းချက် ရှာဖွေဖော်ထုတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဟုလည်း ဥက္ကဋ္ဌက ထောက်ပြပြောဆိုသည်။

ထို့အတူ မိမိတို့ကရင်လူမျိုး တိုးတက်ရှင်သန်နိုင်ရေးသည် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုး တစ်ဦးချင်းစီနှင့်အဖွဲ့ အစည်းများ၏ လက်ဝယ်တွင်းရှိသည်ဖြစ်သလို ပြည်သူလူထု အကျိုးစီးပွားကို အဟန့်အတား ဖြစ်စေသော အမျိုးသားရေးရန်သူကို ခွဲခြားသိမြင်၍ အာဏာရှင်စနစ်အမြစ်ပြတ်ရန် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်လည်း လက်တွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း အဆိုပါ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်သည့်ယနေ့ (၇၃)နှစ်မြောက် ကရင့် အမျိုးသားအာဇာနည်နေ့သို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO နှင့် ကရင်လူငယ်များအစည်း အရုံး-KYO တို့၊ နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတို့လည်း ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ဂုဏ်ပြုထားသည်။

ကရင့်အမျိူးသားခေါင်းဆောင်ကြီးများဖြစ်သော ကရင့်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း စောဘဦးကြီး၊ ဗိုလ်ချုပ် စောစိုင်းကေနှင့်အပေါင်းအပါများ တော်လှန်ရေးတာဝန်ထမ်းဆောင်နေစဥ်ကာလ နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာတွင် ရန်သူတပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံခဲ့ရသဖြင့် ကျဆုံးခဲ့ရသည့် ၁၉၅၀ ခုနှစ် ဩဂုတ် လ (၁၂) ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြရာ ကရင်တစ်မျိုးသားလုံးမှ နေရာ ဒေသအသီးသီးတွင် ယနေ့အထိ ဂုဏ်ပြုကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

ယခုနှစ် ကျရောက်သည့် ကရင့်အာဇာနည်နေ့ကို ကေအဲန်ယူ ထိန်းချုပ် နယ်မြေအသီးသီး နှင့် ပြည်ပရောက် ကရင်တိုင်းရင်းသားများအနေဖြင့် ပုံစံမျိုးစုံဖြင့် ကျင်းပပြုလုပ်ကြရန် ပြင်ဆင်နေကြပြီး တချို့ဒေသတွင် လုံခြုံရေး အခြေအနေအပေါ် ကြည့်၍ ကျင်းပသွား ကြရန်လည်း စီစဉ်နေကြကြောင်း သိရသည်။