Home သတင်း မိုးလေကြီးသဖြင့် ကရင်နီစစ်ရှောင်များနေထိုင်ရာ အမိုးအကာများ ပြိုကျပျက်စီး၍ အကူအညီလိုအပ်နေ

မိုးလေကြီးသဖြင့် ကရင်နီစစ်ရှောင်များနေထိုင်ရာ အမိုးအကာများ ပြိုကျပျက်စီး၍ အကူအညီလိုအပ်နေ

698
Photo: Crd.

ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း မိုးရောလေပါ ရွာသွန်းတိုက်ခတ်သဖြင့် တိုက်ပွဲ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများ နေထိုင်အသုံးပြုသည့် အမိုးအကာများ ပြိုကျပျက်စီးကုန်သဖြင့် ထောက်ပံ့မှုအကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းခန့်နေထိုင်သည့် ပဆေးလာ၊ ဝါဘန်းပလို၊ ချယ်ရီကုန်း အစရှိသည့်ကျေးရွာများတွင် ဆက်တိုက် မိုးရွာသွန်းလာသောကြောင့် ယာယီနေထိုင်ရန် ကာရံထားသော အမိုးအကာများ ပြိုကျပျက်စီးနေပြီး အမိုးအကာ အတွက် အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ဒေသခံစစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “မိုးက ၃ ရက်လောက်ဆက်တိုက်ရွာပြီဆို မိုးထားကာထားတာတွေ ပျက်စီး ကုန်ပြီ ပြန်ဖာထေးပြီး သုံးလည်းမရဘူး၊ အသစ်တွေလိုနေပါတယ်။ စစ်ရှောင် တွေခမျာလည်း အဲ့လိုမိုးအသားကုန်ရွာလို့ ပျက်စီးကုန်ပြီဆို မိုးကာလှူတဲ့ အလှူရှင်မျှော်ရတာပါပဲ” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

လေတိုက်ခတ်မှုပြင်းထန်ပြီး မိုးကြီးလျှင် ဒီးမော့ဆိုအနောက်ခြမ်းရှိ ထင်းရှူးပင်များ အောက်တွင် တာလပတ်တဲဖြင့်နေထိုင်သော စစ်ဘေးရှောင်များအတွက် ခံသာသေး သော်လည်း အကာအရံမရှိသော လယ်ကွင်းပြင်လိုနေရာမျိုးတွင် နေထိုင်ရသော စစ်ဘေးရှောင်တဲများမှာ ပျက်စီးမှုပိုများကြောင်း အဆိုပါ စစ်ရှောင်ကူညီသူက ဆက်လက်ပြောဆိုသည်။

စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးကလည်း “ကျမတို့အရင်နေတဲ့ ပဆေးလာရွာဘက်မှာဆို မိုးနေ့တိုင်းရွာနေတာ မိုးကာလေးတွေမလုံလောက်ဘူး။ အမိုး ပြိုကျတာတွေလည်းရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နီပြည်နယ်စပ်ရှိ အချို့သောနယ်မြေများတွင် နယ်မြေခံ တာဝန်ရှိသူများ၏ ခွင့်ပြု ချက်ရမှသာ ဖြတ်သန်းသွားလာခွင့်ရှိသည့်အတွက် အလှူပစ္စည်းရောက်ရှိရန် မလိုလား အပ်ဘဲ အချိန်နှောင့်နှေးမှုများ တွေ့ကြုံနေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီက အချို့လမ်းပိုင်းများအား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ တားမြစ်ထားသည့်အတွက် စစ်ရှောင်ကူများအနေဖြင့် တတ်နိုင်သလောက် အကူအညီ ပေးနိုင်ရန် အခက်အခဲတွေ့ကြုံနေရသလို ဆန်ဈေးနှုန်းကြီးမြင့်ပြီး ပြတ်လပ်မှုရှိ နေသဖြင့် ဒေသခံစစ်ရှောင်များအတွက် စားနပ်ရိက္ခာရရှိရန် လိုအပ်ချက်ရှိ ကြောင်းလည်း စစ်ရှောင်ကူညီနေသူနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူများက ပြောဆိုထားသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများအကြား နယ်မြေတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ လေးသိန်း ကျော်အတွက် အထောက်အပံ့များစွာ လိုအပ်နေသည်ဟုလည်း ကရင်နီလူ့ အခွင့်အရေးအဖွဲ့ KnHRG ၏ ပြောပြချက်အရ သိရသည်။