Home သတင်း ဘီးလင်းတွင် ကားလမ်းမကြီး ရေကြီးသဖြင့် မော်တော်ယာဉ်များသွားလာ၍ မရဖြစ်နေ

ဘီးလင်းတွင် ကားလမ်းမကြီး ရေကြီးသဖြင့် မော်တော်ယာဉ်များသွားလာ၍ မရဖြစ်နေ

830
Photo: CJ

သြဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရွှေရောင်ပြနှင့် ကျုံအိတ်တံတားကြားတွင် လမ်းမကြီးပေါ်ရေကျော်လာ သောကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရတော့ကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းသည် ရန်ကုန်မှ ဖားအံ-မော်လမြိုင်စသည့်နေရာများသို့ အသွားအလာပြုလုပ်ရာတွင် အဓိကကျသည့်လမ်းပိုင်းဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့မှစ၍ ကားလမ်းမကြီးပေါ် ရေကျော်လာ သော်လည်း မော်တော်ယာဉ်များ သွားလာ၍ရနေသေးပြီး ယနေ့တွင် ရေပိုပြီးမြင့် တက်လာခြင်းကြောင့် မည်သည့်မော်တော်ယာဉ်များမဆို သွားလာ၍မရတော့ကြောင်း ယာဉ်မောင်း တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မနေ့မနက်က ကျနော် ရန်ကုန်ပြန်တက်တုန်းက လမ်းကသွားလို့ရတယ်။ ညနေလူကြိုပြီး ပြန် ဆင်းလာတော့ မိုးကြီးပြီး ရေပိုများလာတော့ ဖြတ်ရတာအဆင်မပြေတော့ဘူး။ ကားကြီးတွေနဲ့ ကုန်ကား တွေတော့သွားရတယ်။ ၅ နာရီထဲက အဲ့ဒီရေလမ်းကိုဖြတ်တာ ၈ နာရီလောက်မှ ကုန်းလမ်း ရောက် တယ်။ တစ်ဘီးချင်းစီ လိမ့်ပြီးစမ်းမောင်းရတာဆိုတော့ အန္တရာယ်လည်းများတာပေါ့။ ဒါပေမယ့်လမ်း ကိုမမြင်ရတော့ ဒီလိုပဲထိန်းမောင်းရတယ်။ ဒီနေ့တော့ ဘယ်ကားမှ သွာလို့မရတော့ဘူး”ဟု ပြောသည်။

ထို့အပြင် ဘီးလင်းမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ကားလမ်းပိုင်းနစ်မြှုပ်မှုများရှိသလို နီးစပ်သည့်ကျေးရွာအတွင်းရှိ နေအိမ်များလည်း ရေနစ်မြှုပ်မှုဖြစ်ပေါ်နေကြောင်း ဘီးလင်း ဒေသခံတစ်ဦးကလည်း ယခုလို ပြောသည်။

Photo: CJ

“ကားလမ်းမနဲ့နီးတဲ့နေရာတွေတော့ ရေမြှုပ်ကုန်ပြီး။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒီမနက်မြှုပ်တဲ့ အိမ်တွေမှာ လူကယ်ထုတ်ပေးနေတယ်။ မိုးကလည်းမတိတ်တော့ ရေလည်းဆက်တက် ရေစီးလည်း တော်တော်ကြမ်းနေတယ်။ ရပ်ကွက်အလိုက်တော့ ယာယီကယ်ဆယ်ရေး စခန်းဖွင့်ထားပေးတယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အဆင့်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်တွင် လက်ရှိရေမျက်နှာပြင်ထက် ၂ ပေခန့်အထိ မြင့်တက်လာနိုင်သည်ဟု မိုးလေဝါသနှင့် ဇလဗေဒပြန်ကြား ရေဦးစီးဌာန၏ ယနေ့သြဂုတ်လ ၉ရက်နေ့၏ တိုင်းတာချက်အရ သိရသည်။

အလားတူ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာမှုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်စသည့်နေရာများတွင် လမ်းပိုင်းပျက်စီးမှု၊ မြေကြီးပြိုကျမှုများနှင့် နေအိမ်နစ်မြှုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။