Home သတင်း ပြည်တွင်းမတည်ငြိမ်မှုအကြားက လိုင်စင်ပွား ကားအရောင်းအဝယ် စျေးကွက် ပိုမို တွင်ကျယ်လာ

ပြည်တွင်းမတည်ငြိမ်မှုအကြားက လိုင်စင်ပွား ကားအရောင်းအဝယ် စျေးကွက် ပိုမို တွင်ကျယ်လာ

1565

ဩဂုတ်လ ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်ပြည်နယ်နှင့် အခြားပြည်တွင်း မြို့ပြများတွင် လိုင်စင်မဲ့ကားဝယ်ယူပြီး နောက်ဒေသသုံး ကုဒ်နံပါတ်ပြားများ အပြင် ဝှီးတက်(ဘီးခွန်) ၊ လိုင်စင်စာအုပ်၊ စတေကာ(မှန်ကဒ်) နှင့် ဘားကုဒ် နံပါတ်များအား အတုပြုလုပ်ပြီး လိုင်စင်ရှိကားသဖွယ် သွားလာမောင်းနှင်အသုံးပြုရောင်းဝယ်ကြသည့် လိုင်စင် ပွား ကားစျေးကွက် ပိုမိုကျယ်ပြန့်လာနေကြောင်း မြဝတီအခြေစိုက် လိုင်စင်မဲ့ ကားရောင်းဝယ်သူများက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ မှတစ်ဆင့် ပြည်တွင်းမြို့နယ်များသို့ လိုင်စင်မဲ့ကား သယ်ဆောင် ရောင်းဝယ်ကြ မှုကို ဖမ်းဆီးသိမ်းဆည်းမှုများရှိသော်လည်း စစ်ကောင်စီ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များမှ လိုင်စင် ပွား၊လိုင်စင် အတုပြုလုပ်ကာ ကားရောင်းဝယ် စီးနှင်းနေကြသည့် ဒေသခံများ ပိုများလာကြောင်း ကားဝယ် ရောင်း ပြုလုပ်နေသူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အခု က ခေတ်ပျက်ငွေရှာကောင်းနေတယ်။ Without ကား တစ်စီး မှာ မြန်မာငွေ သိန်း ၇၀ နဲ့ ၈၀ ပေါ့။ မော်ဒယ်မြင့်ကားဆို သိန်း၁၀၀ ကျော် သိန်း၂၀၀ ပေါ့။ အဲ့တာကို လိုင်စင်တွေ နံပါတ်ပြား ဖောင်းကြွ နံပါတ် တွေ ဝှီးတက်တွေ လိုင်စင်ကဒ်တွေ အတုလုပ်ပြီး ပွားကားစီးကြတာ များလာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လိုင်စင်မဲ့ကားများအား လိုင်စင်အတုပွားပြီး စီးနှင်းနိုင်သည်မှာလည်း အဆိုပါ လုပ်ငန်းရှင်များက စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၊ ယာဥ်ထိန်းရဲများနှင့် က.ည.န (ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန) စသည့် လိုင်စင်လုပ်ပေးသည့် အဖွဲ့ များအား လာဘ်ငွေ ပေးထားရကြောင်း ၎င်းကားဝယ်ရောင်းရေး သမားက ဆက်ပြောသည်။

“ပြန်ရောင်းရင်လည်း အဲ့လို လိုင်စင်ပွားက ပိုပြီးမြတ်တော့ ကား အရောင်းအဝယ် ပိုလုပ်လာကြတယ်။ သူက ယာဥ်ထိမ်းတို့၊ တိုးဂိတ်စစ်ဆေးရေးတို့၊ (ကညန)ကုန်းလမ်းပို့ဆောင်ရေးဌာနတို့နဲ့ လိုင်းကြေး သဘောမျိုး ပေးထားတော့ အဖမ်းအဆီး အစစ်အဆေး လွတ်တယ်။ လိုင်စင်မဲ့ ကားမဟုတ်တော့ဘူး ဆိုတဲ့ပုံစံမျိုး လူစီး ပိုများလာတယ်။” ဟု ကားဝယ်ရောင်းသမားက ဖြည့်စွက်ပြောသည်။

လက်ရှိ မြဝတီ မြို့နှင့် ဖားအံမြို့ ဘက်တွင် လိုင်စင်အပွား လုပ်ပေးသည့် အဖွဲ့ များ၊ ပွဲစားများစွာရှိနေပြီး အွန်လိုင်း မှ တဆင့် ချိတ်ဆက် ပြောဆို လုပ်ဆောင်ကြရကြောင်း လိုင်စင်ပွားပြုလုပ်ထားသူ မြဝတီမြို့ခံ တစ်ဦးက ဆို သည်။

“ကားက ကြိုက်တဲ့ကားဝယ်။ မော်ဒယ် နဲ့ ကားအမျိုးအစား ပေါ်မူတည်ပြီး လိုင်စင်တု ကဒ်ပွားလုပ်ချင်ရင် ၅သိန်းကနေ သိန်း ၂၀ လောက်အထိရှိတယ် လိုင်စင်တု ပေါက်စျေးက။ အဲ့တော့ လိုင်စင်ကပ်ပြီး မောင်းသွား စစ်ဆေးရေးဂိတ်တွေမှာ အစစ်ခံလို့ အာမခံတယ်။ ကွန်ပျူတာကုဒ် နဲ့ နံပါတ်ရိုက်ရှာပြီး စစ်ရင်လည်း အစစ်ခံ တယ်ဆိုတော့ လိုင်စင်မဲ့ကားဖိုးနဲ့ လိုင်စင်အတု ဖိုးပေါင်းရင် သိန်း ၁၅၀ လောက်ကုန်တယ်။ ပြန်ရောင်းရင် သိန်း ၂၀၀ အထက်မှာရတယ်။ တချို့ကလည်း လိုင်စင်ကားဆိုပြီး နယ်ဘက်တွေ တက်ပြီး လိမ်ရောင်းတယ်။ တချို့ ကြတော့လည်း လိုင်စင်တု ပွားလိုင်စင်ဆိုတာ ဖွင့်ပြောပြီး အမြတ် သိန်း ၁၀ ဂဏန်းလောက်အမြတ်နဲ့ ပြန် ရောင်းကြတာလည်းရှိတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ယခင်က ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကားများကို ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် စစ်တပ်၊ နယ်ခြားစောင့်တပ်-BGF လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကားထောက်ခံချက်စာရွက်များအား ရန်ပုံငွေ ၅သိန်းမှ ၁၀သိန်းအထိ ပေးသွင်းပြီး မောင်းနှင်သွားလာကြရာမှ ယခု စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လိုင်စင်ပုံတူ ပွားစီးကြသည့် ခေတ်ဖြစ်လာကြောင်း ဖားအံမြို့ခံက ဆိုသည်။

ဖားအံမြို့ခံတစ်ဦးက “အရင် ခေတ်တွေတုန်းကတော့ ကရင်အဖွဲ့ အစည်း ထောက်ခံချက်တွေလုပ်ပြီး စီးရတာ ပေါ့။ ဖမ်းခံထိရင်လည်း အဖွဲ့ အစည်းက ပြန်ထုတ်ရွေးပေးတယ်။ အခု စစ်တပ်က အဲ့လိုမရတော့ဘူး။ စီးမရ တော့ဘူးဆိုတော့ လိုင်စင်ပွားစီးတာမျိုး ခေတ်စားလာတာပေါ့။ လိုင်းစင်အမှန်အကန် နဲ့ ကားတစ်စီး သိန်း ၇၀၀ ရာ (၁,၀၀၀) ထောင် ဖြစ်နေချိန် မှာ အခုလို လိုင်စင်ပွားကားတွေက သိန်း ၅၀၀ အောက်မှာဘဲစျေးရှိတော့ ဝယ်စီး ကြတာပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

လတ်တလောတွင်လည်း မြဝတီဘက်အခြမ်းတွင် လိုင်းစင်မဲ့ကားတင်သွင်းသည့် BGF တပ်ဂိတ်ဝင်းများတွင် ကား အရောင်းအဝယ် အလုပ်ဖြစ်နေပြီး ထိုင်းဘတ်ငွေ စျေးတက်နေသော်လည်း ပြည်တွင်း မြန်မာငွေ ဖောင်းပွ မှုပေါ်မူတည်ပြီး နယ်မြို့ များဘက် ရှိ ဝယ်ယူသူများထံ ကားအရောက်ပို့ပေးသည့်သူများ ဝင်ငွေကောင်းနေ ကြောင်းလည်း ကားပွဲစား အသိုင်းအဝိုင်းများထံမှ သိရသည်။