Home သတင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရှောင်အရပ်သားနေအိမ်များအား ဝင်ရောက်ဖောက်ထွင်းမှုများ ပြုလုပ်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရှောင်အရပ်သားနေအိမ်များအား ဝင်ရောက်ဖောက်ထွင်းမှုများ ပြုလုပ်နေ

637

ဩဂုတ်လ ၁၄ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင် ရောက်တပ်စွဲထားပြီး ၎င်းတို့ကို ကြောက်၍ ထွက်ပြေးပုန်းရှောင်နေကြသည့် ကျေးရွာအတွင်း အရပ်သား နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများကို ခိုးယူနေကြကြောင်း နေအိမ်အဖောက်ခံ ရသည့် ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့က နဘုလယ်ဒေသတဝိုက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပြီး လူမနေသည့် အရပ်သား နေအိမ်များအတွင်းသို့ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီး ပစ္စည်းများအပြင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကိုပါ ယူဆောင်မှုများပြုလုပ်နေကြောင်း နဘုလယ် ဒေသခံတစ်ဦးကပြောသည်။

၎င်းက“အခြေအနေကတော့ဆိုးလာဖို့ဘဲရှိတယ်။ အခုလက်ရှိမှာကတော့ စစ်တပ်က ဧကနိရွာ ကနေ ဝက်ချောင်း ဖက်ပြန်ဝင်နေကြပြီး။ ရွာထဲမှာလည်း လူနည်းနည်းဘဲကျန်တော့တယ်။ ပြီးတော့အိမ်တွေထဲက ရွှေတွေ တန်ဖိုး ကြီးတာတွေ အကုန်သယ်တယ်။ ဆိုင်ကယ်တွေဆိုလည်း အကုန်ဖောက်ခံထိထားတယ်။ သူများပစ္စည်းကို တန်ဖိုး ထားရကောင်းမှန်းမသိဘူး။တချို့ရွာတွေဆို အိမ်တွေပါမီးရိူ့ခံရတာတွေတောင်ရှိ တယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းတပ်စွဲထားပြီးနောက် အနီးအနားရှိကျေးရွာများကို လည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများအား ညအချိန်များတွင် လုပ်ဆောင်နေပြီး ဒေသခံများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“ညဘက် ဝဇွမ်းတောရွာနဲ့တောတွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ထုနေတာ။ ပြီးတော့ ရွာက မိန်းက လေးရော ၊ယောက်ကျားလေးရော အယောက် ၃၀ကျော်လောက်ကိုဖမ်းသွားတယ်။ ၃ ယောက်တော့ ပြန်လွတ် လာသေးတယ်။ ကျန်တဲ့သူတွေကတော့ ဘာသတင်းမှ မကြားသေးဘူး။ ဒီရက်ပိုင်းမှာ အခြေနေဆိုးလာ တယ်။”ဟု နဘုလယ် ဒေသခံက ဖြည့်စွက်ပြောသည်။

၎င်းဒေသရှိ ရေဖြူအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မရှိသော်လည်း စစ်ကောင်စီမှ ကျေးရွာအတွင်းသို့ယခုလို အကြောင်းမဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယခုလ ဩဂုတ်လအတွင်း နဘုလယ်ဒေသနှင့် အနီးအနားရှိ ကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများကို ဆက်တိုက်လုပ်ဆောင်လာသည့်အပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ကျေးရွာ(၈)ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ လတ်တ လောတွင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များ အရ သိရ သည်။