Home သတင်း စစ်ကောင်စီအား အပြီးတိုင် ချေမှုန်းသွားရန် ကရင်အာဇာနည်နေ့တွင် ပဒိုစောလစ္စတန် တိုက်တွန်း

စစ်ကောင်စီအား အပြီးတိုင် ချေမှုန်းသွားရန် ကရင်အာဇာနည်နေ့တွင် ပဒိုစောလစ္စတန် တိုက်တွန်း

907

ဩဂုတ် ၁၃ရက်၊ ၂ဝ၂၃ခုနှစ်။ ကေအိုင်စီ

နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် မတရား ရက်စက်နှိပ်ကွပ် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား အပြီးတိုင် တိုက်ဖျက်ချေမှုန်းသွားရန် ဩဂုတ်လ ၁၂ရက်နေ့က ကျရောက်သည့် ၇၃နှစ်မြောက် ကရင့်အာဇာနည်နေ့တွင် KNU – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ အတွင်းရေးမှူး ပဒိုစောလစ္စတန်က သဝဏ်လွှာပေးပို့ကာ တိုက်တွန်း လိုက်သည်။

အာဇာနည်ခေါင်းဆောင်များ၏ မပြီးဆုံးသည့် တော်လှန်ရေးတာဝန်များအား ကျန်ရှိနေသည့် ရဲဘော်၊ ပြည်သူ အသီး သီးက ရည်မှန်းချက်ပန်းတိုင်ပြီးဆုံးသည့်အထိ ညီညီညွတ်ညွတ်ဖြင့် ချီတက်သွားရမည်ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်ကောင်စီတပ်အား အပြီးတိုင် တိုက်ဖျက်ခြေမှုန်းသွားနိုင်မှ အောင်ပွဲရမည် ဟု အာဇာနည်နေ့အတွက် ပေးပို့သော ၎င်း၏သဝဏ်လွှာစာတွင် ဖော်ပြထားသည်။

KNU ဒူးပလာယာခရိုင်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နို့တကော၊ ဝင်းရေးမြို့နယ် အသီးသီးတွင် ကရင်အာဇာနည်နေ့ အခမ်း အနားကို ဂုဏ်ပြုကျင်းပခဲ့ကြပြီး အာဇာနည်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ၊ ယဉ်ကျေးမှု သမိုင်းအကြောင်းအရာများ နှင့် KNU နိုင်ငံရေးဖြစ်စဉ် သမိုင်းကြောင်းများ ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု မြို့နယ်အသီးသီးရှိ အခမ်းအနားကျင်းပသည့် တာဝန်ရှိသူများက ပြောဆိုသည်။

ကျုံဒိုးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ကရင့်အာဇာနည်နေ့ ကျင်းပသည့်ရက်မှာပင် ကျောက်ဖျာကျေးရွာ ဘက်သို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည့်အတွက် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မည်ကို စိုးရိမ်သည့်အတွက် အခမ်းအနားကို အကျည်းချုံးသာ ကျင်းပခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း ကျင်းပကြသည့် ၇၃နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားတွင် ကရင့် တော်လှန်ရေး၌ ကိုယ်အင်္ဂါ၊ အသက် ပေးဆပ်သွားခဲ့သည့် ရဲဘော်များအား ဂုဏ်ပြုအလေးပြုခြင်းနှင့် အာဇာနည်ခေါင်း ဆောင်များ၏ သမိုင်းဖြတ်သန်းမှု၊ တော်လှန်ရေးအပေါ် စွန့်လွှတ်ပေးဆပ်သည့် ဆောင်ရွက်ချက်များအား ဟောပြောခဲ့ ကြသည်။

၁၉၅ဝ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့တွင် ကရင်အမျိုးသားခေါင်ဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့အဖွဲ့အား ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာအနီးတွင် ရန်သူလက်ချက်ကြောင့် ကျဆုံးခဲ့ကြသည့် ထိုနေ့ကို ကရင်တစ်မျိုး သားလုံး၏ အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ယနေ့ထိတိုင် ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီးတွင် အောက် မေ့ဖွယ် ဂုဏ်ပြုကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။