Home သတင်း ကရင်လက်နက်ကိုင်အချင်းချင်းကြား ပွတ်တိုက်မှုများ အမြန်ဖြေရှင်းရန် ထီးမိုပွာဒေသခံလူထုများ တောင်းဆို

ကရင်လက်နက်ကိုင်အချင်းချင်းကြား ပွတ်တိုက်မှုများ အမြန်ဖြေရှင်းရန် ထီးမိုပွာဒေသခံလူထုများ တောင်းဆို

807
Photo: CJ

ဩဂုတ် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ကြား ဖြစ်ပေါ်နေသည့် ပွတ်တိုက်မှုပြဿနာများကို အမြန်ဖြေရှင်းကူညီပေးရန် ထီးမိုပွာအထူးဒေသရှိ ကရင်အရပ်ဖက် အဖွဲ့များနှင့် ကျေးရွာနေလူထုများက ဩဂုတ်လ (၁၂)ရက်နေ့၌ ကျရောက်သည့် (၇၃)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ကရင်လူမျိုးအချင်းချင်းကြား ဖြစ်ပေါ်သည့် ပွတ်တိုက်မှုပြဿနာများကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်သည့်အပြင် အချင်းချင်းကြား အပျက်သဘောဆောင်သော ပြစ်တင်ဝေဖန်ပြောဆိုမှုများကို အပြုသဘောဆောင်သည့် တုန့်ပြန်မှု များနှင့် မိမိတို့၏ လူမျိုးဂုဏ်သိက္ခာအတွက် အကောင်းဆုံး ပါဝင်လုပ်ဆောင်ပေးကြရန်ကိုလည်း ထီးမိုပွာဒေသခံများ က တိုက်တွန်းတောင်းဆိုထားသည်။

ထီးမိုပွာဒေသခံ စောရှိုင်းရှိုင်းက “အခုလက်နက်ကိုင်အချင်းချင်းကြားမှာ ပွတ်တိုက်မှုပြဿနာတွေဖြစ်တယ်။ နောက်ပြီး ပစ်ခတ်သေဆုံးတဲ့အထိ ရှိလာတယ်။ ကျနော်တို့ကတော့ KTLA တို့၊ ကရင်အမျိုးသားအစည်းအရုံး-KNU တို့ကို ပြစ်တင် ပြောဆိုတာ မဟုတ်ဘူး။ ကျနော်တို့လိုချင်တာက ဒီပြဿနာကို ဝိုင်းဝန်းဖြေရှင်းဖို့ပါပဲ။ နှစ်ဖက်တွေ့ဆုံပြီး အဖြေရှာ ဖြေရှင်းဖို့က ကျနော်တို့ လိုလားတာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

တောင်းဆိုချက်ထဲတွင် အချို့ကူညီထောက်ပံ့မှုများသည် ဒေသခံလူထုအတွက် စိတ်မသက်သာစရာများဖြစ်ကာ ဘေးထွက်ဆိုးကျိုး ကြုံတွေ့ခံစားနေရသောကြောင့် ကရင်အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရန်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံများက ဆက်လက် ပြောဆိုထားသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) အတွင်းရေးမှူး ပဒိုစောအယ်နာက “ထီးမိုပွာဒေသက လူထုတွေ တောင်းဆိုချက်အတိုင်း ကျနော်တို့လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ ကရင်လက်နက်ကိုင်အချင်းချင်းပြဿနာက ကျနော်တို့ နည်းလမ်းရှာနေပြီး။ ကော်လာဖိုး(အယ်ခွီး)တို့အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ အခါခါပြောတယ်။ ဒါပေမယ့် သူတို့ ဘက်က လက်မခံဘူး။ ပြီးတော့ အွန်လိုင်းပေါ်တက်ပြီး ကရင်အချင်းချင်း သွေးခွဲအောင် ပြစ်တင်ပြောဆို သတင်းလွှင့် တဲ့သူတွေကိုလည်း ဒါတွေမလုပ်ဖို့ မေတ္တာရပ်ခံခဲ့ပေမယ့်လည်း လက်မခံကြဘူး။ လူထုလိုလားချက်အတိုင်း ကျနော်တို့ က ဖြေရှင်းနည်းလမ်းရှာဖို့ ရည်မှန်းချက်ရှိပါတယ်။”ဟု ဒေသခံများတောင်းဆိုဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။

ထီးမိုပွာဒေသခံလူထုများ၏ တောင်းဆိုချက်များထဲတွင် ကရင်အမျိုးသားအချင်းချင်းကြားဖြစ်ပေါ်သည့် ပွတ်တိုက်မှု များကို ဖြေရှင်းရန်၊ မီဒီယာပေါ်တွင် အပျက်သဘောဆောင်သည့် အဆိုးမြင်ဝေဖန်မှုများကို ဝေဖန်ဆန်းစစ်ပြီး လူမျိုး ဂုဏ်သိက္ခာအတွက် အကောင်းဆုံး ပါဝင်လုပ်ဆောင်ပေးရန်၊ မိမိတို့၏ ကူညီထောက်ပံ့လိုက်သည့် အကူအညီများသည် လူသားချင်းအပေါ် မည်မျှကောင်းကျိုးသက်ရောက်မှုရှိသည်ကို ပြန်လည်ဝေဖန်ဆန်းစစ်ရန်နှင့် အမျိုးသားအချင်းချင်း ကြား ဖြစ်ပေါ်နေသည့် စိတ်ပျက်၊ အရှက်ရစရာကိစ္စများကို ပပျောက်သွားစေရေးအတွက် ကူညီပေးရန် စသည့်အချက် များကို တောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ(၄) လက်အောက်ခံတပ်နှင့် ခွဲထွက်အဖွဲ့ဖြစ်သည့် KTLA-ကော်သူးလေအာမီ ဗိုလ်အယ် ခွီး(ကော်လာဖိုး) ဦးဆောင်သည့်အဖွဲ့ကြား ဖြစ်ပေါ်သည့်တင်းမာမှုများကြောင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကတည်းက စတင်၍ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏရှိလာကာ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း နှစ်ဖက်ပြောဆိုမှုရှိသော်လည်း ယနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။