သြဂုတ် ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတွင် သြဂုတ်လ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ လေးရက်တာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင်အတွင်းရှိ ရွှေကျင်၊ မုန်းနှင့် ကျောက်ကြီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်မှ (၁၀၅ မမ)၊ (၁၂၂မမ)၊ (၈၁ မမ) နှင့် (၆၀ မမ) စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းသား နှစ် ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သေဆုံးသွားသူများတွင် ကျောင်းသားနှစ်ဦးဖြစ်သည့် အသက်(၁၃)နှစ်အရွယ် စောအယ်ကလူထူး၊ အသက် (၁၆)နှစ်အရွယ် စောဘိုလိုသီးတို့အပြင် အသက်(၆၀)နှစ်ရှိ ကိုမောင်ထွေး(ခ)ကျော်ဇေယျ၊ အသက် (၃၅)နှစ်ရှိ ကိုသန့်ဇော်တို့မှာ ကျည်စထိမှန် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးထဲတွင် အသက် (၁၁)နှစ်အရွယ် စောခွားစိ၊ အသက်(၁၅)နှစ်အရွယ် နော်ဗြဲဗြဲ၊ ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား နှစ်ဦးတို့လည်း ပါဝင်ကြောင်း KNU က ပြောသည်။
ထို့အပြင် အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကို စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ−၂၆၄)အပြင် မြို့နယ် (၃)ခု အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များမှ ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ဒိုးတန်း၊ ပဲ သောင်၊ အင်ကုန်း၊ လှေတန်း၊ သူဌေးကုန်း၊ ဂွမ်းဒလကြီး၊ အင်းကပ်ပလိပ်၊ သစ်ခြောက်ခင်၊ ဇလုပ်ကြီး ၊ ဘုရား လဟာနှင့် ငါးမြစ်အင်းစသည့် ကျေးရွာများမှာ အဓိက ထိခိုက်ခံနေရခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီအနေဖြင့် ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုများလုပ်ဆောင်သည့်အပြင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာ နေအိမ် အလုံး (၂၀)ခန့်ကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအပြင် လူမနေသည့် နေအိမ်များရှိ အဖိုးတန် ပစ္စည်းများကို လုယူခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တပ်မဟာ ၃ နယ်မြေအတွင်း သာမက အခြားသော ကေအဲန်ယူထိန်းချုပ်နယ်မြေအသီးသီးတွင်လည်း အလားတူ ကျူးလွန်မှုများရှိကြောင်း ကေအဲန်ယူ၏ လစဉ် သတင်း ဖော်ပြချက်များအရ သိရသည်။



















