Home သတင်း တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်ဘေးရှောင် သုံးသောင်းကျော်ရှိနေ

တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်ဘေးရှောင် သုံးသောင်းကျော်ရှိနေ

774

ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ်မီးရှို့ ဖျက်ဆီး မှုများကြောင့် ယခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တနင်္သာရီတိုင်းတွင် စစ်ဘေး ရှောင်ဦးရေ သုံးသောင်းကျော်ရှိလာနေကြောင်း FE5 တနင်္သာရီက မှတ်တမ်းပြု စုထားသည့် ‘အာဏာသိမ်းပြီး ရက်ပေါင်း ကိုးရာကျော်အတွင်း ဖြစ်ရပ်များ’ အမည်ရှိ အစီရင်ခံစာအရ သိရသည်။

နယ်မြေစိုးမိုးနိုင်မှု အရေးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားများ နေထိုင်ရာ ကျေးရွာများတွင် အကြမ်း ဖက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပစ်မှတ်ထားကျူးလွန်နေကြသဖြင့် ပြီးခဲ့သည့် လပိုင်းများနှင့် နှိုင်းယှဥ်ပါက ယခုဇူလိုင်လအတွင်း စစ်ဘေးရှောင်ဦးရေ ပိုများလျက်ရှိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအပေါ်အခြေခံ၍လည်း စစ်ဘေးရှောင်အရေအတွက် ပြောင်းလဲနေသည်ဟု ဩဂုတ်လ (၁၁)ရက်နေ့က ထုတ်ပြန်သည့် ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

“အမြဲတမ်းစစ်ဘေးရှောင်တွေဆိုတာ စစ်တပ်က အိမ်တွေမီးရှို့ခံလိုက်ရလို့ ပြန်စရာမရှိတော့ဘဲ တောတွေ တောင်တွေထဲမှာ နေလိုက်ရတဲ့သူတွေပေါ့၊ ပုံမှန်စစ်ဘေးရှောင်တွေကကျ‌တော့ စစ်တပ်ရွာတစ်ရွာကို ဝင်လာပြီဆိုရင် ခဏတိမ်းရှောင် သူတို့ထွက်သွားပြီဆိုတော့မှ ပြန်လာနေ၊ အဲ့လိုရှောင်နေရတဲ့သူတွေပေါ့။ အဲ့လိုပုံစံနှစ်မျိုး နေနေရတာ ကျနော်တို့ဆီမှာ ထောင်ဂဏန်းလောက်ရှိတယ်” ဟု လောင်းလုံးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီက ဆန်သယ်ဆောင်ခွင့်ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင် ရိက္ခာ ကူညီထောက် ပံ့ရေးအတွက် အခက်အခဲရှိနေသလို ဆန်အိတ်တစ်အိတ်လျှင် ကျပ်ငွေနှုန်းထားအမျိုးမျိုးဖြင့် ကောက်ယူ နေသည့်အတွက်လည်း ပေါ်ပေါ်ထင်ထင် အကူအညီပေးနိုင်ရန်ခဲယဥ်းကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူများက ပြောဆိုသည်။

ထို့အတူ အဆိုပါ စစ်ဘေးရှောင်သုံးသောင်းကျော်တွင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်နှင့် မြိတ်ခရိုင်မှ နှစ်သောင်းကျော်ပါဝင်နေပြီး ၎င်းတို့အနက် စစ်ဘေး ရှောင်စခန်းများတွင် နေထိုင်သူခြောက်ထောင်ကျော်သာရှိ၍ ကျန်သူများမှာ တော၊ တောင်နှင့် မြို့၊ ရွာများတွင် ရွှေ့ပြောင်းတိမ်းရှောင်နေကြကြောင်း FE5 တနင်္သာရီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ စစ်ရှောင်နေရခြင်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ယခုနှစ်စပါးစိုက်ရာသီအတွင်း စိုက်ပျိုးရေးမလုပ်ကိုင်နိုင်သော လယ်စိုက်တောင်သူ အများအပြားရှိနေပြီး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီး ထိခိုက်မှုခံရခြင်းနှင့် မိုင်းနင်းမိခြင်းတို့ကြောင့် အသက် အန္တရာယ်လုံခြုံမှုမရှိ ဖြစ်နေသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးက “ဒီပြီးခဲ့တဲ့ရေကြီးရေလျှံမှုတုန်းကလည်း ကျနော်တို့ဘက်က မိုးရေချိန်တော်တော်များလို့ မိုးစပါးစိုက်ပျိုးတဲ့နေရာမှာ ပျက်စီးတာတွေ သေကုန်တာတွေရှိတယ်။ စစ်ကြောင်း ထိုးတာနဲ့တိုက်ပွဲကြောင့်ကတော့ တနင်္သာရီအောက်ဘက်မှာဆိုရင် အဲ့လိုလယ်ပစ်၊ အိမ်ပစ် ထွက်ပြေးပုန်းရှောင်ရတာတွေရှိတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများနှင့် အခင်းအကျင်းများအား စောင့်ကြည့်မှတ်တမ်းပြုစုလျက်ရှိသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် FE5 တနင်္သာရီ၏ အာဏာသိမ်းပြီး ရက်ပေါင်းကိုးရာကျော်အတွင်းဖြစ်ရပ်များ အမည်ရှိ အဆိုပါအစီရင်ခံစာတွင် ဇူလိုင်လအတွင်း အရပ်သားသတ်ဖြတ်ခံရမှုများ၊ ထောင်တွင်းအခြေအနေများနှင့်တကွ ထူးခြားဖြစ်စဥ်များကိုလည်း ဆက်စပ်ဖော်ပြထားသည်။

ထိုအစီရင်ခံစာကို အာဏာသိမ်းကာလအတွင်း နေ့စဥ် သေကြေ၊ ပျက်စီး၊ ဆုံးရှုံး မှုရှိနေသည့် အခြေအနေများအား သတိချပ်သုံးသပ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဧပြီလမှ စတင် မှတ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း FE5 တနင်္သာရီအဖွဲ့၏ ပြောပြချက်အရ သိရသည်။