သြဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲနေ့ စဉ်လိုလိုဖြစ်ပွားနေသော်လည်း ၎င်းနေရာ အနီးဝန်းကျင်ရှိ ကာစီနိုလောင်းကစားရုံများမှာ ပုံမှန်လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် တိုက်ပွဲနှင့်နယ်နိမိတ်နီးစပ်သည့် ဒေသခံပြည်သူတချို့ ထွက်ပြေး တိမ်းရှောင်နေရပြီး မြဝတီမြို့နယ် မယ်ထော်သလေးကျေးရွာအုပ်စု အင်ကြင်းမြိုင်၊ မင်းလက်ပံ စသည့် ကျေးရွာများတွင် လျှပ်စစ်မီးဖြတ်တောက်ခံထားရသော်လည်း နယ်ခြားစောင့်တပ်-BGF နှင့် တရုတ်လူမျိုးများ ပူးပေါင်းလုပ်ဆောင်သည့် ကာစီနိုလောင်းကစားရုံများတွင်မူ နေ့စဉ်မပြတ် လျှပ်စစ်မီးလင်းနေပြီး လူသွား လူ လာများ ညစဉ်ရှိနေသည်ဟု မင်းလက်ပံဒေသခံတစ်ဦးက ပြောသည်။
၎င်းက “မီးလည်းမလာတာ ၂ လလောက်ရှိတော့ ဘာမှလုပ်စားမရဘူး။ မင်းလက်ပံရွာထိပ်မှာက ကာစီနိုရုံ တစ်ခုရှိတယ်။ ရွာက BGF ကုန်းကနေ လက်ခတ်တောင်ဘက်ကို လက်နက်ကြီး ညတိုင်းထုနေတာ။ ပစ်တာ ပစ်နေတာပဲ။ ကာစီနိုရုံတွေမှာက မီးစက်ကြီးနဲ့ဆီဝယ်ထည့်နိုင်တော့မီးမပြတ်ဘူးပေါ့။ တရုတ်တွေရော အသွား အလာကအေးဆေးပဲ။ မင်းလက်ပံကနေတောက်လျှောက်သွားရင် ညတိုင်းကာစီနိုရုံမှာ မီးလင်းနေတယ်။ ပြောရ ရင် မြို့ ၂ ခုကွဲ နေသလိုပဲ။ တစ်ဖက်မှာက တိုက်ပွဲဖြစ် လူတွေပြေးနေရတယ်။ ဒီမှာက မီးတွေလင်းပြီး ဆူညံ နေတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
BGF နှင့် စစ်ကောင်စီတပ်များထိန်းချုပ်ရာ ကာစီနိုလောင်းကစားရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ်၊ အင်ကြင်းမြိုင်နှင့် မြဝတီစသည့်နေရာများတွင် တရုတ်လူမျိုးများနှင့် ရှယ်ယာဝင်လုပ်ကိုင်ကြသည့် အွန်လိုင်း လူ လိမ်ခေါ်လုပ်ငန်း၌ ပြည်တွင်းရှိ လူငယ်နှင့် အမျိုးသမီးငယ်များ အများဆုံးသွားရောက်လုပ် ကိုင်ကြ လျက်ရှိကြောင်း ၎င်းလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။
၎င်းအပြင် မင်းလက်ပံ၊ အင်ကြင်းမြိုင်စသည့်ကျေးရွာများတွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက် လိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ဖြစ်လာသည်ဟုလည်း အင်ကြင်းမြိုင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“မီးလည်းမလာတာ ၂ လလောက်ရှိတော့ ဘာမှလုပ်စားမရဘူး။ တရုတ်ကာစီနိုဘက်မှာ အလုပ်သွားလုပ်ရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ သူတို့ဆီမှာ သွားရင်စိတ်မလုံသလို ခံစားရတယ်။ အိမ်မှာ မိသားစုစား ဝတ်နေရေး အဆင်မပြေပေမဲ့ ကာစီနိုရုံမှာတော့ အလုပ်မလုပ်ချင်ဘူး။ တော်တော်များများတော့ CI စာအုပ်လုပ်ပြီး ဘန် ကောက်တက်သွားကြပြီး။ ရွာမှာက တခြားအလုပ်ဆိုလည်း လုပ်ရတာနဲ့ ရတဲ့ပိုက်ဆံနဲ့ မကိုက်ပြန်ဘူး”ဟု ၎င်းဒေသခံအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။
မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ်တန်းပေးဝေနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ညသန်းခေါင်အချိန်မှစ၍ ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
အလားတူ နယ်စပ်တစ်လျှောက်ရှိ ကာစီနိုလောင်းကစားရုံများတွင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်လုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း စသည့် ဒုစရိုက်လုပ်ငန်းမျိုးစုံကို ကျယ်ပြန့်စွာလုပ်ကိုင်နေသည့် နေရာတစ်ခုဖြစ်သလို လက်ရှိ စစ်အာဏာသိမ်းထားသည့်ကာလများတွင် အဆိုပါ ဒုစရိုက်ဆန်သည့် လုပ်ငန်းများ ပိုမို ကျယ်ပြန့် လာလျက်ရှိကြောင်း ဒေသခံအရပ်သားပြည်သူများက ပြောသည်။
လတ်တလော KNLA တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ထားသည့် လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီဘက်မှ အပြင်းအထန်ကြိုးပမ်းနေပြီး မြေပြင် စစ် ကြောင်းများအပြင် လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုး စစ်ဆင်နေသော်လည်း ၎င်းတို့ ကိုယ်တိုင်အထိအခိုက် အကျအဆုံးများနေကြောင်း မြေပြင်သတင်းများအရ သိရသည်။



















