ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းရှိ စစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)များ၏ ငွေတောင်းဂိတ်များနှင့် လမ်း လုံခြုံရေးကင်းစခန်းများတွင် ပစ်ခတ်မှုများ နေ့စဉ်လိုလိုဖြစ်ပွားသည့်အတွက် လမ်းအသုံးပြုသွားလာသည့် ကားများခရီးသည်များအနေဖြင့် အသက်အန္တရာယ်ကြားက ဖြတ်သန်းသွားလာနေရကြောင်း ခရီးသွားပြည် သူများက ပြောသည်။
လတ်တလော အာရှလမ်းသစ်လမ်းပိုင်းတွင် စစ်တပ်နှင့် BGF ငွေတောင်းဂိတ် ၁၀ ဂိတ်ကျော်ရှိနေပြီး ထိုဂိတ် များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ပြောက်ကျားဝင်ရောက်တိုက် ခိုက်မှုများရှိနေသည့်အတွက် ဖြတ်သန်းသွားလာသူ ဒေသခံများ၊ ကားများ၊ ဆိုင်ကယ်များနှင့် ကုန်တင်ကား များအနေဖြင့် တိုက်ပွဲအခြေအနေကို ကြည့်ပြီး ဖြတ်သန်းသွားလာနေရကြောင်း ဒေသခံ လမ်းအသုံးပြုသူများက ပြောသည်။
“အဲဒီဂိတ်တွေမှာ KNLA နဲ့ PDF တွေ လာလာပစ်တော့ ခဏခဏ ကားတန်းပိတ်ပိတ်သွားတယ်။ တချို့ကားတွေ ဖြတ်မောင်းနေတုန်းပစ်တာကြားထဲရောက်သွားရင် ကားတွေလူတွေထိကုန်တယ်။ ကားတွေကအခြေအနေ ကြည့်လိုက် မောင်းလိုက်ပုံစံမျိုးသွား လာနေရတာ အန္တရာယ်များတယ်”ဟု ကုန်ကားသမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်နှင့် BGFတပ်များ ပိုက်ဆံ တောင်းခံသည့်ဂိတ်ပေါင်း ၁၀ ဂိတ်ကျော်တွင် အိမ်စီးကားတစ်စီးကို သုံးထောင်ကျပ်မှ ငါးထောင်ကျပ်အထိ ပေးဆောင်ရပြီး ကုန်တင် ကားကြီးတစ်စီးကို တစ်သောင်းကျပ်အထိ ပေးဆောင်ရသည်ဟု ယာဉ်မောင်းသမားများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်က အာရှလမ်းသစ်တောနော် ရေတံခွန်အနီး လမ်းပိုင်းတွင် မြေပြို တောင်ပြိုမှုကြောင့် လမ်းပိုင်းပြတ်တောက်သည့်နေရာအား စစ်တပ်က ယာယီဘေလီသံဘောင်တံတား ထိုး ထားပြီး စစ်ဆေးငွေတောင်းကာ တရားမဝင်အကောက်အခွန်မဲ့ ကုန်စည်တင်ဆောင်သည့် ကုန်ကားကြီး များဖြတ် သန်းသွားလာခွင့် ပြုနေသည့်အတွက် တံတားနိမ့်ဆင်းသည့်ကိစ္စအား ပြုပြင်ပြီး တန် ၅၀ အောက်ကုန် ကားများသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရှိရသည်။
စစ်ကောင်စီ လမ်းတံတားဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက “ တံတားက တန် ၅၀ပဲ ပေးဖြတ်တာ။ အခုက စစ်တပ် လုံခြုံရေး လမ်းကင်းထိုးထားတဲ့ အဖွဲ့တွေက ငွေကောက်ပြီး ပေးဖြတ်တော့ တံတားပြန်နိမ့်သွားတယ်။ အခု ကျောက်တွေခင်း ကရိန်းကားနဲ့ သံဘောင်တွေ ပြန်မတ်တင်တာမျိုးတော့ လုပ်ပြီးပြီ။ ခိုးလမ်းပတ်ကားတွေက တန် ၆၀ ၊ ၇၀ တင်လာတာတွေဖြစ်တော့ ဒီတံတားက တောင်ဖြိုတဲ့ဖို့မြေပေါ်မှာ ခင်းထိုးထားတာဆိုတော့ အဲ့သလို တန်ပိုကားတွေ စစ်တပ်က ငွေယူပြီး ပေးဖြတ်နေမယ်ဆိုရင် အန္တရာယ်တော့ရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။
လတ်တလောတွင်လည်း ကော့ကရိတ်၊ ကော့နွဲ၊ ကမိုင်ကုန်း၊ အာရှလမ်းရှိ တောနော်ကွေ့ အနီးလမ်း ပိုင်းနေရာများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသလို စစ်တပ်ဘက်က လက်နက်ကြီးများကျေးရွာများဘက် ပစ်ခတ်နေသည့်အတွက် နေအိမ်များ ထိမှန်ပျက်စီး မှုရှိနေကြောင်းဒေသခံ ကျေးရွာသားများက ပြောသည်။



















