Home ဆောင်းပါး လက်တစ်ဖက်ဆုံးရှုံးလိုက်ရသော်လည်း စစ်အာဏာရှင်ကို ဆက်လက်တော်လှန်မည့်သူ

လက်တစ်ဖက်ဆုံးရှုံးလိုက်ရသော်လည်း စစ်အာဏာရှင်ကို ဆက်လက်တော်လှန်မည့်သူ

991

လက်တစ်ဖက်ဆုံးရှုံးလိုက်ရသော်လည်း စစ်အာဏာရှင်ကို ဆက်လက်တော်လှန်မည့်သူ

စအိုင်ဆူး ( ဩဂုတ်လ ၂၉ရက်၊ ၂၀၂၃ခုနှစ်)

အရမ်းပူပြင်းလှသည့် ဧပြီလလယ်လောက်တွင် မြဝတီမြို့အနီးက မဲကနယ်ကျေးရွာ ကျောက်တောင် ကျောက်မဲဒေသ၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုအကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲထဲတွင် အသက် (၂၂)အရွယ် စောဒါးဖိုး(အမည်လွဲ) တစ်ယောက်ရောက်ရှိနေခဲ့သည်။

နှစ်ဖက်တိုက်ပွဲအတွင်း မြေပြင်တိုက်ပွဲအရေးမသာသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်က နယ်မြေခံနယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ၏ အကူအညီကိုရယူပြီး မြေပြင်စစ်ကြောင်းထိုးဝင်ရောက်သလို လေကြောင်း ပစ်ကူအသာယူ၍လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို အပြင်းအထန်ချေမှုန်းတိုက်ခိုက်နေခဲ့ကြောင်း စောဒါးဖိုးက ၎င်းကိုယ်တိုင်ကြုံတွေ့ရသည့် တိုက်ပွဲအတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။

“ကျနော်တို့စရောက်တော့ ဒီသုံးထပ်ကွေ့မှာ တိုက်ပွဲစဖြစ်တယ်။ လေယာဉ်တွေနဲ့လည်း လာကြဲတယ်။ လေယာဉ်နဲ့ လာကြဲလည်း ခံရတာပဲ။ အဲ့တုန်းက ရောက်တဲ့နေရာက ကိုယ့်အိမ်ပဲ။ ပုခက်လေးတစ်လုံးနဲ့ မိုးကာ လေးတစ်ချပ်က ကိုယ့်အိမ်လိုပဲ။” ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့ ပုံကို ရှင်းပြသည်။

စောဒါးဖိုးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ ကွန်မန်ဒို စစ်သင်တန်းဆင်း ရဲဘော်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်မှစပြီး မြဝတီမြို့တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ကော်ဘရာ(Cobra) စစ်ကြောင်းတွင် ပါဝင်၍ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များကို တစ်နှစ်ပတ်လုံးသွားရောက် ပါဝင်တိုက်ခိုက်နေခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဇာတိသားဖြစ်ပြီး အထက်တန်းအောင်ပြီးနောက် စောဒါးဖိုး သည် စစ်အာဏာသိမ်းမှုမတိုင်ခင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် လက်နက်ကိုင်တော်လှန်လိုသည့် ခံယူ ချက်ဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော်-KNLA အတွင်း ဝင်ရောက်ခဲ့ပြီး အခြေခံစစ်ပညာများကို စတင်သင်ယူခဲ့သည်။

သာမန်လယ်သမားမိသားစုမှ မွေးဖွားလာပြီး မွေးချင်းမောင်နှမ ၆ ဦးရှိသည့်အနက် နို့ညာဖြစ်သူ စော ဒါး ဖိုး သည် မိဘအသိုင်းအဝိုင်းများ၏ ဝိုင်းဝန်းတားမြစ်ထားသည့်ကြားကပင် မွေးရပ်မြေနှင့် မိဘများကို စွန့်၍ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်ထဲကို ဝင်ရောက်ခဲ့သူဖြစ်ပြီး မျိုးချစ်စိတ်ဓါတ်ပြင်းထန်သူတစ်ဦးလည်း ဖြစ်သည်။

“ကျနော်လာဖို့အတွက် ကျနော့်ကိုတော့ အားမပေးဘူး။ သူတို့တွေ တားတယ်။ မနက်ရောက်တော့ ကျနော်လာလိုက်တယ်။ မသွားနဲ့ဆိုပြီး ကျနော့်ကို လှမ်းခေါ်တယ်။ ကျနော်ရွေးချယ်ထားတဲ့လမ်းကို ကျနော် ရောက်အောင်သွားမယ်ဆိုပြီးတော့ ကျနော်ရောက်အောင် သွားခဲ့တယ်။ ကျနော်ကျောင်းပြီးပြီးချင်းပဲ ဒီကိုလာခဲ့ တယ်” ဟု တော်လှန်ရေးထဲ ဝင်လာဖြစ်ပုံကို ရှင်းပြသည်။

စောဒါးဖိုးသည် အခြေခံစစ်သင်တန်းတက်ရောက်ပြီးချိန်တွင်လည်း အဆိုပါ အခြေခံစစ်ပညာဖြင့် လက် တွေ့စစ်မြေပြင်ဆင်းရန် မဖြစ်နိုင်သေးသည်ဟု ယူဆကာ KNLA ၏ အပြင်းထန်ဆုံးလေ့ကျင့်မှုပေးသည့် အထူး ကွန်မန်ဒိုသင်တန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဆက်လက်တက်ရောက်အောင်မြင်ခဲ့သည်။

၎င်းကွန်မန်ဒို စစ်သင်တန်းဆင်းပြီးချိန်တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေများအနက် အထူးသဖြင့် တပ်မ ဟာ (၆) နယ်မြေ လေးကေကော်ဒေသအနီးတစ်ဝိုက်က်တွင် စစ်ကောင်စီနှင့် KNLA ကော်ဘရာစစ်ကြောင်း အ ကြား နှစ်ဖက်တိုက်ပွဲ အပြင်းထန်ဆုံး ကာလဖြစ်သည့်အတွက် ကော်ဘရာစစ်ကြောင်းထံသွားရောက်၍ ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

“ကျနော်တို့က ပွဲကချင်တာလေ။ ပွဲကချင်ရင်တော့ ပွဲဖြစ်တဲ့နေရာကိုသွားရမယ်ဆိုပြီး အစ်ကို တစ်ယောက်နဲ့ ကော် ဘရာစစ်ကြောင်းကို ရောက်သွားတယ်။ ၂၀၂၂မှာ တစ်နှစ်ပတ်လုံး ကျနော်တိုက်ပွဲ ထဲမှာပဲရှိနေခဲ့တယ်။” ဟု ပြောသည်။

အဆိုပါ ကာလတွင် စစ်ကောင်စီအနေဖြင့် မြဝတီမြို့တောင်ပိုင်းတွင် အဓိကအခြေချလှုပ်ရှားနေသည့် ကော်ဘရာပူးပေါင်းစစ်ကြောင်း တစ်ခုလုံးကို ရှင်းလင်းရန် လေးကေကော်မှစ၍ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မ တော်-DKBA ထိန်းချုပ်ရာ ဝေါလေနှင့် ဆုံဆည်းမြိုင်ဒေသအထိ အပြင်းအထန် စစ်ကြောင်းထိုး ဝင်ရောက် ရန် ကြိုးပမ်းသောကြောင့် နှစ်ဖက်တိုက်ပွဲမှာ ပိုမိုပြင်းထန်ခဲ့သည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် စစ်ပွဲအတွင်းရောက်ရှိနေသည့် စောဒါးဖိုးအနေဖြင့် ၂၀၂၃ ဧပြီလ ၁၈ ရက်နေ့တွင် မဲကနယ်ကျေးရွာအနီးကျောင်းတောင်ကျောက်မဲဒေသတိုက်ပွဲအတွင်း တပ်စုမှူးအနေဖြင့် တာဝန် ထမ်းဆောင်နေစဉ် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။

စစ်ကောင်စီ စစ်ကြောင်းဝင်လာမည့် သတင်းအရ စောဒါးဖိုးအနေဖြင့် ၎င်းတပ်စုထဲမှ စနိုက်ပါ သမား များ ကို တောင်ကုန်းတစ်ခုတွင် နေရာချထားပြီး စောင့်ကြိုပစ်ခတ်ခိုင်းစဉ် တောင်ကုန်းပေါ်ရှိ ၎င်း၏တပ်ဖွဲ့ဝင်များ နှင့် အဆက်အသွယ်မရတော့သောကြောင့် ကိုယ်တိုင်သွားရောက်စစ်ဆေးရာ BGF နှင့် တိုးပြီး နောက်ပြန်လှည့် ပြေးစဉ် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရာကာ ဘယ်ဘက်လက်မောင်းကို ကျည်တစ်ချက်ထိမှန် ခဲ့သည်။

“ကျနော် အဲ့မှာသတိတစ်ခုရလိုက်တာ ကျနော် နောက်ခြေလှမ်း ၅ လှမ်းလောက်မှာ ကျနော့်လက်ကို ထိ သွားပြီး။ ကိုင်ထားတဲ့သေနတ်လည်း ပြုတ်ကျသွားတယ်။ ကျနော်ပြန်ကောက်ဖို့ ကြိုးစားရင်တော့ ကျနော် သေ မှာပဲ။ ကျနော်ပြန်ကြည့်တော့ ကျနော့်လက်မှာအရိုးတွေကြေမွကုန်ပြီး။” ဟု စောဒါးဖိုးက ဆိုသည်။

လက်ကို ကျည်ထိမှန်ချိန်တွင် လက်ချောင်းများကိုလှုပ်ရှား၍ရသေးသော်လည်း အချိန်မီဆေးရုံကို မ ရောက်နိုင်ခဲ့ခြင်းကြောင့် စောဒါးဖိုး၏ ဘယ်ဘက်လက်မှာ အကြောများ သေသွားပြီး ညိုမဲလာကာ ၎င်း၏ ဘယ်ဘက်လက်ကို ဆုံးရှုံးရန် ဖြစ်လာခဲ့သည်။

စောဒါးဖိုးသည် ကွန်မန်ဒို စစ်သားပီပီ ခန္ဓာကိုယ်တောင့်တင်းသန်မာသူဖြစ်ပြီး လက်နက်ကိုင် တော် လှန်မှုကို ယုံကြည်ထားသူအလျာက် လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရချိန်တွင် အင်မတန် စိတ်ဓါတ် ကျဆင်း သွားခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်တော့မည့်အပေါ် တွေးပြီး စိတ်ထိခိုက်ရကြောင်း မျက်လုံး အိမ်ထဲက မျက်ရည်ကို ခိုးသုတ်ရင်း တိမ်ဝင်သွားသည့် အသံဖြင့် ကြိုးစားပြောဆိုသည်။

“ကျနော့်ဘဝ တစ်ခြမ်းကို ဆုံးရှုံးလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။ ကျနော် လူတော်တော်များများကို ပြုံးပြနေတာ တခါတလေကျတော့ ဝမ်းနည်းတယ်။ အရင်တုန်းကလို ဘာမှမလုပ်နိုင်တော့သလို ကျနော့်ကို ကျနော်တော်တော်နှမြောမိတယ်။ ပြီးတော့သူများ လုပ်နေတာကိုလည်း ဒီအတိုင်းပဲ ကြည့်နေရတယ်။ “ဟု ရင်ဖွင့် ပြောဆိုသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး အာဏာသိမ်းမှုကို လက်မခံသည့် လူငယ်အများစုသည် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြရာ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်တွေအပေါ် သီးမခံ နိုင် တော့သည့်အဆုံး လက်နက်ကိုင်တော်လှန်ရန် ရွေးချယ်ခဲ့ကြပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အသီး သီးထံ ထွက်ပြေးခိုလှုံလာကြရင်း စစ်ပညာများသင်ယူကာ စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက် နေသည်မှာ ယခုဆို ၂ နှစ်ကျော်ကာလအတွင်းသို့ ရောက်လာခဲ့ပြီးဖြစ်သည်။

လက်နက်ကိုင် တော်လှန်မှု ၂ နှစ်ကျော်ကာလအတွင်းမှာ ရာနှင့်ချီသည့် လူငယ်များအသက်ပေးလိုက်ရပြီး ဖြစ်သလို စောဒါးဖိုးလို ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆုံးရှုံးလိုက်ရသည့် စစ်မြေပြင်ရောက် လူငယ်များမှာလည်း ရာဂဏန်းအထက်မှာရှိသည်။

စောဒါးဖိုး၏ ရဲဘော်ရဲဘက်ဖြစ်သူ စောယာဒိုက “သူဒီလိုဖြစ်သွားတော့ စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ မသေတာပဲ ကျေးဇူးတင်ရမှာပဲ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ သူငယ်ချင်းတွေထဲမှာ သေသွားတဲ့သူတွေလည်း အများကြီးပဲ။ အခုလို ခြေပြတ်လက်ပြတ်အနေနဲ့ ကျန်ခဲ့တယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် အသက်ရှင်သေးတယ်လေ။ တစ်နည်းနည်းနဲ့တော့ ဆက်ကြိုးစားလို့ ရသေးတယ်” ဟု အားပေးပြောဆိုသည်။

စောဒါးဖိုးအနေဖြင့် မွေးရပ်မြေနှင့် မိဘကို စွန့်ခွာလာသည်မှာ ၂ နှစ်ကျော်ကြာပြီးဖြစ်သော်လည်း တစ်ခါ တရံ အိမ်ကို သတိရလွမ်းဆွတ်မိသလို လက်တစ်ဖက် ဆုံးရှုံးလိုက်ရသည့် သားအဖြစ်ကို ကြည့်ပြီး မိခင်ဖြစ် သူမှာ သားဖြစ်သူနှင့် ဖုန်းပြောတိုင်း အမြဲတမ်းငိုနေကြောင်း စောဒါးဖိုးက ဆိုသည်။

သို့သော် အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေဆဲ လက်နက်ကိုင်တော်လှန်ရေးတွင် စောဒါးဖိုး အနေ ဖြင့် ဆက်လက်ပါဝင်သွားမည်ဖြစ်သလို ယခုလူငယ်များ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးမှာ အောင်မြင် မည်ဟု တစ်ထစ်ချယုံကြည်ထားပြီး တော်လှန်ရေးပြီးဆုံးသွားပါက ဇာတိမြေ မြစ်ဝကျွန်းပေါ် ဒေသကို ပြန်မည် ဖြစ်ကြောင်း စောဒါးဖိုးက ၎င်း၏ ရင်တွင်းဆန္ဒကိုပြောသည်။

“အောင်မြင်မှာ။ အောင်မြင်မှလည်းရမယ်။ ဒီတစ်ခါမှ မအောင်မြင်ရင် ကျနော်တို့ ပြာတောင်မှ စားရ တော့မှာ မဟုတ်ဘူး။ ဒီဟာကြီးမှမအောင်ရင်လည်း သူပုန်အဖြစ်နဲ့ အိမ်ပြန်လို့လည်း မရဘူးလေ။ ဒါကြီး မပြီးမချင်းလည်း ဘယ်တော့မှ အိမ်ပြန်လို့ရမှာမဟုတ်ဘူး။ ကျနော်အိမ်ကို ကောင်းကောင်း မွန်မွန်နဲ့ပဲပြန်ချင် တော့တယ်။ ခိုးကြောင် ခိုးဝှက်နဲ့တော့ မပြန်ချင်ဘူး။” ဟု စောဒါးဖိုးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောနေခဲ့သည်။

လတ်တလော မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးကို ဦးဆောင်နေသည့် အစုအဖွဲ့များတွင် ပါဝင်နေ ကြ သည့် လူငယ်များအနေဖြင့် နေအိမ်ပြန်သည့် လမ်းမပေါ်တွေင် ရောက်ရှိနေပြီးဟု ထုတ်ဖော်ပြောဆိုလာကြပြီး ခုခံစစ်မှတဆင့် ထိုးစစ်ဆင်မှုအဆင့်ကို တက်လှမ်းနေကြပြီးဖြစ်သည်။

သို့သော် အိမ်ပြန်ခွင့်ရရန် ကြိုးစားတိုက်ပွဲဝင်နေကြသည့် အခြားသော လူငယ်များနည်းသူ စောဒါးဖိုး လည်း အပါအဝင်ဖြစ်သော်လည်း စောဒါးဖိုးတစ်ယောက် ယခင်လို အကောင်းပကတိအတိုင်း မွေးရပ်မြေအိမ်ကို မပြန်နိုင်တော့မည်မှာ မုချဧကန်ပင်ဖြစ်သည်။

စစ်အာဏာရှင်ကို တွန်းလှန်လိုသည့် ခံယူချက်တစ်ခုတည်းဖြင့် ယခုလို အသက်နှင့် ခန္ဓာကို ရင်းကာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆုံးရှုံးလိုက်ရသော်လည်း လက်ရှိ တော်လှန်ရေး အပေါ်ထားရှိသည့် သူ၏ ရပ်တည်ချက်မှာပြတ်သားလှသည်။

လက်တစ်ဖက် ဆုံးရှုံးလိုက်ရသော်လည်း စောဒါးဖိုးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် ဆက် လက်ပါဝင်ရန် စိတ်အားထက်သန်နေဆဲဖြစ်ပြီး ၎င်း၏ ရဲဘော်ရဲဘက်များနှင့်အတူ ရသည့်နည်းဖြင့် ဆက်လက် တိုက်ပွဲ ဝင်လိုကြောင်းလည်း ၎င်း၏ဆန္ဒကို ပြောပြသည်။

“ကျနော်နောက်ဆုံး စဉ်းစားထားတာ ကျနော့်ရဲဘော်တွေနဲ့အတူ တိုက်ပွဲ ဆက်ဝင်ချင်သေးတယ်။ ကျနော် သေနတ်မပစ်နိုင်ရင်တောင်မှ သူတို့တွေကို ရှေ့တန်းရန်သူတွေဆီ ခေါ်သွားပြီး ကျနော်ကျည်တွေ ဘာတွေ ဖြည့်ပေးချင်သေးတယ်”ဟု စောဒါးဖိုးက ပြောသည်။