သြဂုတ် ၂၉ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို သြဂုတ်လ ၂၇ ရက်၊ ညနေ ၅ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအဆင့်အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ယမန်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်များကို ဒရုန်းဗုံးသီး ၇ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူးကျော်နိုင်ဦးအပါအဝင် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ တပ်သား ၁ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါင်မြို့ရှိ ဒေသခံတစ်ဦးက “၂၇ ရက်နေ့ ညနေက မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာကို ဒရုန်းနဲ့ ၇ ကြိမ်လာ ချသွားတာ တစ်မြို့လုံံးတုန်ခါသွားတယ်။ ရုံးထဲက ၅ ဦးထိခိုက်သွားတယ်။ အိမ်နဲ့နီးတော့ မြင်နေရတယ်။ ညကျ တော့ ပစ်သံတွေပါထပ်ပြီး ကြားရတယ်။ အဲ့နေ့က စစ်ဆေးတာတွေလုပ်ပြီး အခုတော့ငြိမ်နေပြီး”ဟု ကေအိုင်စီ သို့ ပြောသည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များ (၄၀မမ) လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း တပင်ရွှေထီးစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဒရုန်းဖြင့် တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၂ ၊ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF စသည့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်းလည်း တပင်ရွှေထီးစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံသတင်းပေးဒလန်၊ ပြည်သူ့စစ် နှင့် မြို့မရဲစခန်းများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မကြာခဏဆိုသလို တိုက်ခိုက်နေလျက် ရှိသည်။
အလားတူ မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့်မြို့နယ်များတွင်လည်း စစ်ကောင်စီ တပ်များ နှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိနေသော်လည်း တချို့သော ကျေးရွာများတွင်မူ အာဝါဒေးလောင်းကစားဝိုင်းများ စည်စည်ကားကားပြုလုပ်နေကြကြောင်းလည်း ဒေသခံများ ၏ ပြောဆိုချက်အရ သိရသည်။



















